အီတလီ စီးရီးအေ နာမည်ကျော်ကလပ် ဂျုဗင်တပ်စ်အသင်းဟာ ဒဏ်ရာရရှိသွားတဲ့ နောက်ခံကစားသမား ဂလယ်ဆွန် ဘရီမာရဲ့နေရာမှာ နောက်ထပ် ခံစစ်မှူးတစ်ဦးနဲ့ အစားထိုးဖို့အတွက် free agent player ကြီး ဆာဂျီယို ရာမို့စ်ကို ခေါ်ယူသွားဖို့ စဉ်းစားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေခဲ့ပါတယ်။

ဂျုဗင်တပ်စ်ရဲ့ အဓိက ခံစစ်ကစားသမားဖြစ်သူ ဘရီမာဟာ လိုက်ပ်ဇစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ACL ဒဏ်ရာဆိုးကြီး ရရှိလိုက်တာကြောင့် အခုရာသီကုန်ချိန်အထိ အနားယူသွားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျုဗင်တပ်စ်က ဘရီမာနေရာအတွက် ကစားသမားတစ်ဦး အစားထိုးခေါ်ယူဖို့ စီစဉ်လာခဲ့ပါတော့တယ်။

Photo Credit : The Cult of Calcio

 

လက်ရှိကလည်း အပြောင်းအရွှေ့ဈေးကွက် ပိတ်ထားချိန်ဖြစ်လို့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေကိုသာ ခေါ်ယူနိုင်မှာဖြစ်ပြီး အခုချိန် free agent ဖြစ်နေတဲ့ ဗဟိုခံစစ်ကစားသမားတွေထဲမှာ မာတစ် ရာမို့စ် ကေဂျာတို့လို ဝါရင့်ခံစစ်မှူးတွေလည်း ရှိနေသလို ဒီထဲကမှ ဂျုဗင်တပ်စ်ကတော့ ရာမို့စ်ကို ပိုပြီး စိတ်ဝင်စားနေပါတယ်။

အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် ဝါရင့်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ အသင်းဟောင်း ဆီဗီလာနဲ့ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးတဲ့နောက် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အခုအချိန်ထိ ကလပ်အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

Photo Credit : Goal

ရာမို့စ်အနေနဲ့ နွေဈေးကွက် တစ်လျှောက်လုံးမှာရော နွေဈေးကွက် ပိတ်သွားချိန်အထိပါ နေရာဒေသအစုံက ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သလို မကြာသေးခင်ကလည်း အီဂျစ် ထိပ်သီးကလပ် ဇာမာလိတ်ခ်အသင်းဆီပါ ပြောင်းရွှေ့ဖို့ နီးစပ်လိုက်ပါသေးတယ်။

ဒါပေမယ့် အခုအချိန်ထိ လုံးဝ အသင်းသစ် ရှာမတွေ့သေးတဲ့ ရာမို့စ်ဟာ ဂျုဗင်တပ်စ်လို ထိပ်သီးအသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာခဲ့ပြီး ဂျုဗင်တပ်စ်အနေနဲ့ကလည်း ဘရီမာနေရာအတွက် ရာမို့စ်လို အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားတဲ့ ခံစစ်ကစားသမားကြီးကို အစားထိုး ခေါ်ယူချင်နေသလို တကယ်လို့ ရာမို့စ်ကို မရရင်တော့ မာတစ် မာနိုလက်စ် ကေဂျာတို့ထဲက တစ်ဦးဦးကို ခေါ်ယူဖွယ် ရှိနေပါတယ်။