ပြီးခဲ့တဲ့ နွေမှာကတည်းက မန်ချက်စတာယူန်ိုက်တက်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာဖို့ နီးစပ်ခဲ့သူ ပြင်သစ် ကွင်းလယ်ကစားသမား အက်ဒရီယန်ရာဘီယော့ဟာ ဒီနွေမှာလည်း မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ရာဘီယော့က သူရဲ့ကလပ် ဂျုဗင်တပ်စ်နဲ့သာ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ နီးစပ်နေပါတယ်။

Photo Credit : beIN SPORT

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့် နဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူ ရာဘီယော့တို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး မောင့်အတွက် ကမ်းလှမ်းမှု (၃)ကြိမ် လုပ်ဆောင်ထားခဲ့ရာမှာ (၃)ကြိမ်လုံး ပယ်ချခံခဲ့ရာလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ရာဘီယော့ဘက်ကို ပြန်လည် ချိန်ရွယ်လာခဲ့ပေမယ့်လည်း ရာဘီယော့အတွက် အေးဂျင့်ဖြစ်သူ တောင်းဆိုထားတဲ့ လုပ်ခလစာက များပြားလွန်းနေတာကြောင့် ခေါ်ယူနိုင်ဖို့ အခက်တွေ့ခဲ့ရပြန်ပါတယ်။

Photo Credit : Football365

ယူနိုက်တက်က ပြီးခဲ့တဲ့နှစ် နွေဈေးကွက်မှာလည်း ရာဘီအော့ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပိုင်းမှာ ဂျုဗင်တပ်စ်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့်လည်း ကစားသမားနဲ့ ဆက်လက်ညှိနှိုင်းရမှာတော့ ရာဘီယော့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ရာဘီယော့ မိခင်က သူ့သားအတွက် လစာကို အမြောက်အများ တောင်းဆိုခဲ့ရာကနေ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒီနွေမှာလည်း ယူနိုက်တက်ဘက်က ရာဘီယော့ကို ထပ်မံ ကြိုးပမ်းခဲ့ရာ အဆင်ပြေမှု မရှိခဲ့တာကြောင့် ရာဘီယော့အနေနဲ့ သူရဲ့လက်ရှိကလပ် ဂျုဗင်တပ်စ်နဲ့သာ သက်တမ်းတိုးသွားဖို့ နီးစပ်သွားခဲ့ပါတယ်။

Photo Credit : TEAMtalk

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဂျုဗင်တပ်စ်က သူတို့ ကစားသမားအတွက် (၂)နှစ် စာချုပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လက်ရှိ လုပ်ခလစာထက်လည်း ပိုမို တိုးမြှင့် ရရှိသွားမယ်လို့ သိရပါတယ်။ ဒီအချိန်မှာတော့ ရာဘီယော့ကို လက်လျှော့ရတော့မယ့် ယူနိုက်တက်ဟာ မေဆန်မောင့်ကိုပဲ ထပ်မံ ကြိုးပမ်းသွားဖို့သာ ရှိနိုင်ပါတယ်။