အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် လာဇီယိုရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဖိလစ်ပီ အန်ဒါဆန်ကို လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် ပဏာမ သဘောတူညီမှု ရရှိထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဖိလစ်ပီ အန်ဒါဆန်က လာဇီယိုပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၁၃ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ လာဇီယိုမှာ ကစားခဲ့ဖူးသလို ပေါ်တို ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေဆီ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ၂၀၂၁ခုနှစ်မှာ ဝက်စ်ဟမ်း ကနေ လာဇီယိုထံ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Football Italia

ဖိလစ်ပီ အန်ဒါဆန်က လာဇီယိုမှာ ဆယ်စုနှစ် တစုနီးပါး ကြာအောင် ကစားပေးထားတာကြောင့် အသင်းရဲ့ ဂန္တဝင် ကစားသမား စာရင်းမှာ ပါဝင်နေသလို သူက ယခုနှစ် ဘောလုံးရာသီမှာ လာဇီယိုရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူ့ရဲ့ အသက်အရွယ်နဲ့ လုပ်ခလစာ ကြီးမြင့်မှုကြောင့် လာဇီယိုက သူ့ကို စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဖိလစ်ပီ အန်ဒါဆန်က ရာသီမကုန်ခင်မှာတင် သူ ပြောင်းရွှေ့ချင်တဲ့ အသင်းနဲ့ အကြိုသဘောတူညီမှု ရယူခွင့် ရရှိထားပြီး အလွတ်ဈေးကွက်ရဲ့ ဘုရင်ကြီးလို့ တင်စားခံထားရတဲ့ ဂျူဗင်တပ်ကတော့ ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံပဲ ဖိလစ်ပီ အန်ဒါဆန်ကို အလွတ်နဲ့ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ယနေ့မနက် အစောပိုင်းမှာပဲ ဂျူဗင်တပ်က ဖိလစ်ပီ အန်ဒါဆန်ကို လာမယ့် နွေဈေးကွက်မှာ အလွတ်နဲ့ ခေါ်ယူဖို့ အတွက် အကြမ်းဖျင်း သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဂျူဗင်တပ်က မကြာခင်မှာပဲ အန်ဒါဆန်နဲ့ အကြိုသဘောတူညီမှုစာချုပ် ချုပ်ဆိုတော့မယ်လို့ သိရှိရပါတယ်။

ဖိလစ်ပီ အန်ဒါဆန်က ယခုနှစ် ဘောလုံးရာသီမှာ လာဇီယိုအတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိထားပြီး သူက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သလို လိုအပ်ရင် နောက်ချန်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်တာကြောင့် ဂျူဗင်တပ် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တခု ဖြစ်လာဖို့ သေချာနေပါတယ်။