ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက သူသာ အီတလီ စီးရီးအေ ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ကစားခွင့်ရမယ်ဆိုရင် သူ ပြောင်းရွှေ့ဖြစ်မဲ့ ကလပ်အသင်းက အေစီမီလန် တစ်သင်းတည်းသာ ရှိတယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Berita AC Milan

ငယ်စဉ်တုန်းက မီလန်အသင်းကို အားပေးခဲ့ဖူးတဲ့ ဘာပေက “ကျွန်တော်သာ ပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ အဲ့ဒါက အေစီမီလန်ပါပဲ။ မီလန်နဲ့ ကျွန်တော်ရဲ့ ဆက်နွယ်မှုက ထူးခြားပါတယ်။ ကလေးဘဝတုန်းက ကျွန်တော့်မှာ အီတလီ ကလေးထိန်းတစ်ဦး ရှိခဲ့ပြီးတော့ သူမတို့ မိသားစုတွေက မီလန်ပရိသတ်တွေ ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်က သူတို့ မိသားစုတွေနဲ့ အချိန်များစွာ ကုန်ဆုံးခဲ့ပြီး မီလန်ပွဲတွေကိုလည်း အများကြီး ကြည့်ခဲ့ရတယ်။ မီလန်ကိုလည်း အားပေးခဲ့ရလို့ သူတို့ကို ကျေးဇူးတင်မိပါတယ်”ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဘာပေဟာ ငယ်စဉ်တုန်းက အင်တာဗျူးတစ်ခုမှာလည်း မီလန်ဂျာစီကို ဝတ်ဆင်ပြီး မီလန်အသင်းကို အားပေးမှုတွေ ပြုလုပ်ဖူးခဲ့သလို ဘာပေ ငယ်စဉ်က မီလန်မှာ တကယ့်ကို ဒိတ်ဒိတ်ကြဲ ကစားသမားကောင်းတွေ များစွာ ပိုင်ဆိုင်ထားပြီး ရော်နယ်လ်ဒင်ဟို ရှက်ချန်ကို ပီယာလို ကာကာ အီဘရာဟီမိုဗစ် ကာဖူး ရီဗယ်လ်ဒို ဗန်ဘက်စတန် မာလ်ဒီနီ အင်ဇာဂီတို့ ပါဝင်ကစားနေချိန်လည်း ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမဲ့ ဘာပေအနေနဲ့ကတော့ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို တစ်နှစ် ထပ်တိုးခွင့်လည်း ရှိနေသေးတာကြောင့် လက်ရှိအချိန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ မဖြစ်နိုင်သေးသလို မီလန်အသင်းကလည်း ဘာပေလို ကစားသမားမျိုးကို ခေါ်ယူနိုင်မဲ့ အခြေအနေမျိုး မဟုတ်သေးတာကြောင့် ဘာပေရဲ့ အနာဂတ်က ပီအက်စ်ဂျီမှာပဲ ဆက်လက် ရှိနေနိုင်ပါတယ်။ ဒါ့အပြင် ဘာပေက လက်ရှိမှာလည်း ပီအက်စ်ဂျီအသင်းအတွက်ကို အာရုံစိုက်ထားပြီး ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ရအောင် ကျော်ဖြတ်နိုင်ဖို့ကိုလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။