မြန်မာနိုင်ငံရဲ့ နာမည်ကြီး MLBBအသင်း ဖြစ်တဲ့ Falcon Esportsရဲ့ Mid laner ဖြစ်သူ Justinက သူဟာ လာမယ့် MLBB Seasonအသစ်မှာ MPL ကစားခွင့် ရတဲ့ နိုင်ငံတွေဆီ သွားရောက်ကာ ကစားဖို့ စိတ်ကူးရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

၃၂ကြိမ်မြောက် ကမ္ဘောဒီးယား ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းနဲ့အတူ ကြေးတံဆိပ် ရခဲ့သလို လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ Justinက သူ့ရဲ့ အရင်းနှီးဆုံး အသင်းဖော်လည်းဖြစ် ၊ သူငယ်ချင်းလည်း ဖြစ်တဲ့ Naomiနဲ့ တွဲဖက်ကာ လက်ရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Mid+Tank အတွဲကို ပုံဖော်ထားနိုင်သူပါ။

Photo Credit: Justin Official Account

Justinနဲ့ Naomiတို့ရဲ့ အတွဲအဖက်ကြောင့်ပဲ Falcon Esportsက လက်ရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး MLBB အသင်းတွေထဲက တသင်း အဖြစ် ရပ်တည်နိုင်ခဲ့သလို ပရိသတ် အမြောက်အမြားကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

Justinက Falcon Esportsနဲ့အတူ Real Cup ဆုဖလား ၂လုံး ၊ Smart Kingdom of Legends SEA Rival ဆုဖလား ၁လုံး ၊ Top Clan ဆုဖလား ၁လုံးနဲ့ M4 Myanmar Qualifier Champion ဆုဖလား ၁လုံး စုစုပေါင်း ဆုဖလား ၅လုံး အထိ ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ M4 World Champion ပြိုင်ပွဲမှာလည်း အဆင့်၅/၆ နေရာကို ရရှိခဲ့ပါသေးတယ်။

Photo Credit: Justin Official Account

ဒါကြောင့် မြန်မာနိုင်ငံရဲ့ MLBB ပရိသတ် အများစုက Justinကို လက်ရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Mid Player အဖြစ် သတ်မှတ်ထားကြကာ Justinကတော့ ဆီးဂိမ်းပြိုင်ပွဲ အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူဟာ MPL Seasonတွေကို ဝင်ရောက် ယှဉ်ပြိုင်ချင်တာကြောင့် Falcon Esports ကနေ MPL ဝင်ခွင့်ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်ကြောင်း ဆိုလာပါတယ်။

Justinက – “ဆီးဂိမ်းပြိုင်ပွဲ ပြီးတဲ့နောက် ကျွန်တော်က MPL Seasonတွေ ရှိတဲ့ နိုင်ငံတွေရဲ့ အသင်းတွေဆီ ကနေ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။ ကျွန်တော်က အနားမယူခင်မှာ MPLပြိုင်ပွဲကို ကစားချင်ပြီးတော့ ရနိုင်သလောက် အတွေ့အကြုံတွေ စုဆောင်းချင်နေပါတယ်။ တကယ်လို့ MSCကိုသာ နိုင်ငံခြားအသင်း တသင်းနဲ့ ဝင်ကစားခွင့် ရခဲ့မယ် ဆိုရင် ကျွန်တော်က ပျော်မိမှာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။