လီဗာပူးလ်အသင်းနည်းပြ ယာဂင် ကလော့ပ်က အာဆင်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီပွဲကို တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ကွင်းလယ်ဒိုင် အန်တိုနီ တေလာရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန် ပြစ်တင်မှုတွေကိုသာ ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းက (၂)ဂိုး (၁)ဂိုးနဲ့ ဦးဆောင်ခံနေရပြီး ပွဲပြီးခါနီး အချိန်မှာ အဓိက နောက်ခံလူ အီဘရာဟီမာ ကိုနာတေးက (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံလိုက်ရပြီး ကိုနာတေး ထုတ်ခံရပြီး မရှေးမနှောင်းမှာပဲ လူစားဝင် တိုက်စစ်ကစားသမား ထရိုဆက်ဒ်ရဲ့ ဂိုးကိုပါ ခွင့်ပြုခဲ့ရရင်း အရှုံးက ပိုမို ပြတ်သားသွားခဲ့ရပါတယ်။

Photo Credit : Belfast Telegraph

ပွဲအပြီးမှာတော့ နည်းပြ ကလော့ပ်က “ဒီနေ့ပွဲမှာ အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေခဲ့ပါတယ်။ ဒီကွင်းလယ်ဒိုင်ကပဲ မန်စီးတီးနဲ့ပွဲမှာလည်း ဆာလာ နဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း အလားတူ ကိစ္စရပ်မျိုး ကြုံခဲ့ရပေမယ့် ကျွန်တော်တော့ အနီကတ်မပြခံလိုက်ရဘူး။ ဒါက မယုံနိုင်စရာပါပဲ။”

“နောက်ပြီး ကိုနာတေးက ဟာဗက်ဇ်ကို holding လုပ်လို့ ပထမ အဝါကတ်ထိသွားတယ်။ နောက်တစ်ခါ ဟာဗက်ဇ်နဲ့ပဲ ထိမိသွာတာကို နောက်တစ်ဝါထပ်ပြတယ်။ ဂါဘရီယဲလ်လည်း အဲ့ဒီပုံစံအတိုင်းပဲ နူးညက်ဇ်ကို ပြုမှုခဲ့ပေမယ့် ဒုတိယတစ်ဝါတော့ ထပ်အပြမခံခဲ့ရပါဘူး။”

Photo Credit : VAR Tático

“ယေဘုယုအားဖြင့်တော့ အာဆင်နယ်အသင်းက အနိုင် (၃)မှတ်နဲ့ ထိုက်တန်မှု ရှိတယ်လို့ ဝန်ခံပြောဆိုနိုင်ပါတယ်။ အခြေအနေတွေကတော့ နည်းနည်းထူးဆန်းပါတယ်။ ရခဲ့တဲ့ ဂိုးကလည်း ဖလားပွဲက ဂိုးနဲ့ ဆင်တူပါတယ်။ ဖလားပွဲမှာတော့ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ ပိုရခဲ့တယ်။”

“ကျွန်တော်တို့အသင်းက ပထမပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် လုံးဝမရှိလိုက်ပဲ ဂိုးရလိုက်တာက အတော်လေး ထူးဆန်းတယ်။ ဒီနေ့က အခိုက်အတန့် တော်တော်များများမှာ လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ရတယ်။ အနီကတ်ကလည်း အကူအညီမပေးခဲ့ပဲ ကျွန်တော် အများကြီး ကြိုးစားခဲ့တာတွေကို ပြောင်းလဲခဲ့ရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။