အခုနှစ် ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်ဆိုတဲ့ နည်းပြကြီး ယာဂန် ကလော့ပ်ဟာ လီဗာပူးလ်နဲ့ လမ်းခွဲပြီးချိန်မှာ နောက်ထပ် အသင်းသစ် မရှာသေးပဲ တစ်နှစ်ခန့်လောက် နည်းပြအလုပ်ကနေ အနားယူသွားဖို့ ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပဲ့ကိုင်ရှင် ဗိသုကာကြီး ကလော့ပ်ဟာ လီဗာပူးလ်နည်းပြအဖြစ် ဆောင်ရွှက်နေစဉ်အတွင်း အသင်းအတွက် ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်မှာရော ဥရောပဘောလုံးဇာတ်ခုံမှာပါ အင်အားကြီး အသင်းတစ်သင်း ဖြစ်နေအောင် တည်ဆောက်ပေးထားခဲ့သူ နည်းပြကလော့ပ်ကို လက်လွတ်ရတော့မှာက လီဗာပူးလ်အတွက်တော့ တကယ့် ထိုးနှက်ချက်ကြီး ဖြစ်စေရပါတယ်။

ကလော့ပ်လို နည်းပြမျိုးကိုလည်း ကလပ်အသင်းတိုင်းသာမက နိုင်ငံလက်ရွေးစင်အသင်းတွေကပါ လိုချင်ကြမှာ သေချာနေပြီး ကလော့ပ်ကိုယ်တိုင်ကတော့ လီဗာပူးလ်နဲ့ လမ်းခွဲအပြီး နည်းပြအလုပ်ကနေ ခဏလောက် အနားယူထားဖို့ ရှိနိုင်လို့ ကမ်းလှမ်းလာမယ့် ကမ်းလှမ်းချက်တွေကိုလည်း ပယ်ချနိုင်ပါတယ်။

Photo Credit : Liverpool FC

ကလော့ပ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဓိကထား စောင့်ကြည့်သွားရမှာက ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးပါပဲ။ လက်ရှိမှာ လူငယ်နည်းပြ နာဂယ်စမန်း ကိုင်တွယ်နေတယ် ဆိုပေမယ့် နာဂယ်စမန်းက လာမယ့် ယူရို-၂၀၂၄မှာ အသင်းအတွက် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ ဆိုတာကလည်း စောင့်ကြည့်ချင်စရာပါ။

နောက်ပြီး နာဂယ်စမန်းလို အသက်အရွယ် ငယ်ရွယ်လွန်းသေးတဲ့ နည်းပြတစ်ဦးက လက်ရွေးစင်နည်းပြအဖြစ် အမြဲတမ်း မြဲနေဖို့လည်း မလွယ်တာကြောင့် အနည်းဆုံး တစ်နှစ်ခန့်လောက် အနားယူနိုင်တဲ့ ကလော့ပ်ကို ဂျာမနီဘက်က ၂၀၂၆ ကမ္ဘာ့ဖလားအတွက် လက်ရွေးစင်နည်းပြ ရာထူး ပေးအပ်သွားဖို့ ရှိလာနိုင်ပါတယ်။