စပိန် ဝါရင့် တိုက်စစ်ကစားသမား ဟိုဆယ်လူက ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်မှာ သူတို့စပိန်နဲ့ ရင်ဆိုင်သွားရမယ့် ဂျာမနီအသင်းရဲ့ ကွင်းလယ်လူ တိုနီ ကရူးစ်အတွက် ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာဖို့ မျှော်လင့်ထားပါကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးဟာ အခုဆိုရင်တော့ ကွာတားဖိုင်နယ်အဆင့်ထိတောင် ရောက်ရှိနေပြီဖြစ်ပြီး ကွာတားဖိုင်နယ်မှာတော့ ပွဲကြီးပွဲကောင်းတွေပဲ ရှိနေသလို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အိမ်ရှင် ဂျာမနီနဲ့ စပိန်အသင်းတို့ကလည်း ကွာတားဖိုင်နယ်မှာ လာရောက် ဆုံတွေ့နေရပါတယ်။

Photo Credit : Opta Analyst

ယူရိုပြိုင်ပွဲမှာ ဘောလုံးပရိသတ် အများစုက ဂျာမနီနဲ့ စပိန်အသင်းတို့ကို ဗိုလ်လုပွဲအဆင့်လောက်မှာသာ တွေ့ဆုံချင်ကြပေမယ့်လည်း နဂိုကတည်းက ရေးဆွဲထားတဲ့ လမ်း်ကြောင်းတွေအရ နှစ်သင်းလုံးက ကွာတားဖိုင်နယ်မှာသာ စောစောစီးစီး တွေ့ဆုံနေကြရပါတယ်။ အခုတော့ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး စပိန် တိုက်စစ်မှူး ဟိုဆယ်လူက ဂျာမနီ ကွင်းလယ်လူ ကရူးစ်ကို စတင် ပြင်းပြင်းထန်ထန် စကားစစ်ထိုးလာခဲ့ပါတော့တယ်။

အသက် (၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ ကရူးစ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး အပြီးမှာပဲ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်တော့မယ်လို့ တရားဝင် ပြောဆိုထားခဲ့တာကြောင့် တကယ်လို့ ဂျာမနီအနေနဲ့ ယူရိုပြိုင်ပွဲရဲ့ အဆင့်တစ်ခုခုမှာ ပြုတ်သွားခဲ့မယ်ဆိုရင် ကရူးစ်လည်း ဖိုင်နယ်အထိတောင် ကစားရတော့မှာ မဟုတ်ပဲ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ရမှာ ဖြစ်ပါတယ်။

Photo Credit : HCH

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရူးစ်ရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း ဟိုဆယ်လူက “ဒီပွဲ(စပိန်နဲ့ဂျာမနီတို့ရဲ့ ကွာတားဖိုင်နယ်ပွဲ)က တိုနီ ကရူးစ်ရဲ့ နောက်ဆုံးပွဲ ဖြစ်လာဖို့ ကျွန်တော်တို့တွေ မျှော်လင့်ပါတယ်။ ဒီပွဲက သူပါဝင်နေလို့ ထူးခြားတဲ့ ပွဲတစ်ပွဲတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒီပွဲက ကျွန်တော်တို့အတွက်လည်း အရမ်းကောင်းမွန်တဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်သွားရမယ့် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲပါပဲ။”

“တိုနီက ကျွန်တော့်အတွက် မိတ်ဆွေ သူငယ်ချင်းတစ်ယောက် ဖြစ်ခဲ့တဲ့သူပါ။ သူနဲ့ စကားတွေ အများကြီး ပြောဆိုခဲ့ဖူးသလို သူက ကျွန်တော့်ကိုလည်း အကြံကောင်းတွေ အများကြီး ပေးခဲ့ဖူးပါသေးတယ်။ သူက ဂျာမနီအတွက်ရော ရီးယဲလ်မက်ဒရစ်အသင်းအတွက်ပါ အခြေခံအုတ်မြစ်လို ဖြစ်နေတဲ့သူပါ။ သောကြာနေ့ပွဲမှာတော့ ကျွန်တော်တို့တွေ သူ့ကို သတိထား ကစားရဖို့ ရှိနေပြီး ဒီပွဲကလည်း သူရဲ့နောက်ဆုံးပွဲ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။