ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်ရဲ့ နံပါတ်တစ် ဂိုးသမား ဟိုဆေးဆာက လတ်တလောမှာ လီဗာပူးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ စပို့တင်း လစ္စဘွန်းနည်းပြ အမိုရင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်နိုင်တဲ့ နည်းပြ တဦး ဖြစ်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၃၁နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ဟိုဆေးဆာက ၂၀၂၁ခုနှစ်မှာ အိုလံပီယာကို့စ် ကနေ ဝုလ်ဗ်ထံ ပြောင်းရွှေ့ကြေး ယူရို ၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဝုလ်ဗ်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို အပိုင် သိမ်းထားနိုင်သူ ဖြစ်ပြီး သူက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်စွမ်းအငြိမ်ဆုံး ဂိုးသမားတွေထဲမှာ ပါပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အသက် ၃၉နှစ် အရွယ် ပေါ်တူဂီလူမျိုး နည်းပြချုပ် ရူဘင် အမိုရင်က ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းကို ကိုင်တွယ်ရာမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် ဥရောပ ထိပ်သီးအသင်းရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့ တက်သစ်စ လူငယ်နည်းပြပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက မကြာခင်မှာ သူတို့ကို စွန့်ခွာသွားတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ်ရဲ့နေရာအတွက် အစားထိုးမှု အဖြစ် အမိုရင်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေပြီး အမိုရင်ကလည်း လီဗာပူးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Sky Sports

အမိုရင်က စပို့တင်း လစ္စဘွန်းနဲ့အတူ အောင်မြင်မှုတွေ ရယူထားနိုင်ပေမယ့် ကလော့ပ်ရဲ့ လက်အောက်မှာ ဥရောပချန်ပီယံ ဖြစ်ခဲ့တဲ့ အထိ အောင်မြင်ခဲ့တဲ့ လီဗာပူးပရိသတ် တချို့က အမိုရင်အပေါ် သံသယတွေ ရှိနေကြပြီး အမိုရင်နဲ့ တနိုင်ငံထဲသား ဟိုဆေးဆာကတော့ အမိုရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်နိုင်တဲ့ နည်းပြ ဖြစ်ကြောင်း ပြောကြားရင်း လီဗာပူးပရိသတ်တွေရဲ့ သံသယကို လျော့ပါးစေခဲ့ပါတယ်။

အမိုရင်နဲ့ ပတ်သတ်ပြီး ဟိုဆေးဆာက – “ရူဘင်ဟာ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်နိုင်တဲ့ အရည်အသွေးတွေ ရှိတဲ့ နည်းပြ တယောက် ဖြစ်ကြောင်းကို သက်သေပြထားပြီးသားပါ။ တကယ်လို့ ရူဘင်ကသာ ပရီးမီးယားလိဂ်ဆီ ရောက်လာခဲ့မယ် ဆိုရင် ကျွန်တော်တို့ ပေါ်တူဂီသား အားလုံး ပျော်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အပြောင်းအရွှေ့က ပေါ်တူဂီနိုင်ငံမှာ အရည်အသွေး ရှိတဲ့ လူတော်တွေ ရှိတယ် ဆိုတာကို သက်သေပြနိုင်လို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။