စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက သူရဲ့တပည့်ဟောင်းဖြစ်သူ ဂျွန် အိုဘီ မီခေးလ်နဲ့အတူ Podcast အစီအစဉ်မှာ ပါဝင်ရင်း သူကိုင်တွယ်ဖူးခဲ့တဲ့ ကလပ်အသင်းဟောင်းတွေဆီက အမှတ်တရအကြောင်းတွေကို ပြောဆိုလာခဲ့ပါတယ်။

ရိုးမားနည်းပြကြီး မော်ရင်ဟိုဟာ ချယ်လ်ဆီး မန်ယူနိုက်တက် စပါးအသင်းတွေနဲ့ ပရီးမီးယားလိဂ်မှာ ကာလအတော်ကြာ ဖြတ်သန်းထားခဲ့ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပြီး ချယ်လ်ဆီး ယူနိုက်တက်တို့နဲ့အတူ ဆုဖလားတွေ ရယူခဲ့ပေမယ့် စပါးမှာကတော့ ဖိုင်နယ်ပွဲ မကစားခင် ရက်ပိုင်းအလိုမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : The Sun

ကိုင်တွယ်ခဲ့သမျှ အသင်းတွေနဲ့ ဆုဖလား ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ စပါးအသင်းကိုလည်း ဆုဖလား လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပေမယ့်လည်း အသင်းဘက်က သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တဲ့အပေါ် မော်ရင်ဟိုက မကျေမနပ် ဖြစ်ခဲ့ရပါတယ်။

အဲ့ဒါကြောင့် သူ့တပည့်ဟောင်း မီခေးလ်နဲ့ Podcast အစီအစဉ်မှာ မော်ရင်ဟိုက “ရယ်စရာကောင်းတာတစ်ခုက ဆုဖလားပြခန်းမှာ ပြသဖို့ ဖလားတွေ မရှိတဲ့ အသင်းက ဖိုင်နယ်ပွဲ မတိုင်ခင် (၂)ရက်အလိုမှာပဲ ငါ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါပဲ။”

Photo Credit : Euro Foot

“တော့တင်ဟမ်ဟော့စပါးက ဆုဖလား မရတာ နှစ်(၅၀)လောက်တောင် ရှိနေပြီလားပဲ။ ငါလည်း ဘယ်လိုမှ အတိအကျတော့ မမှတ်မိပါဘူး။ ငါ အဲ့ဒီအသင်းမှာ ဖိုင်နယ်ပွဲ မကစားခင် (၂)ရက်အလိုအထိတော့ ရှိနေခဲ့သေးတယ်။ ပြီးတော့ ငါ အဲ့ဒီဖိုင်နယ်ပွဲကို မပါဝင်လိုက်ရဘူး။”

“အခုတော့ ငါက ရိုးမားအသင်းမှာ ရှိနေပါပြီ။ မတူကွဲပြားတဲ့ ရည်မှန်းချက်တွေ ရှိနေတဲ့ အသင်းမှာ ပါဝင်နေရတာမို့ ငါ တော်တော် ပျော်ရွှင်နေပါတယ်။ ငါ ဒီနေရာကို သဘောကျမိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရိုးမားအသင်းကိုလည်း ကွန်းဖရန့်စ်လိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲအထိလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။