အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက နွေဈေးကွက် ပိတ်ကာနီးမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးကနေ သူတို့အသင်းဆီ တရာသီအငှားနဲ့ လာရောက် ကစားနေတဲ့ လူကာကူဟာ ရိုးမားပရိသတ်တွေရဲ့ အချစ်တွေကြောင့် အသင်းမှာ ပျော်နေပြီလို့ ရိုးမား ၇-၀ အမ်ပိုလီ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ အဆင်မပြေတာကြောင့် နွေဈေးကွက် ပိတ်ကာနီးမှာ ရိုးမားဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ရိုးမားက သူ့အတွက် အငှားကြေး ယူရို ၅.၈သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Football Italia

ရိုးမားက လူကာကူကို ခေါ်ယူခဲ့စဉ်မှာ အငှားကာလ ပြီးဆုံးရင် အပြီးသတ် ခေါ်ယူခွင့်ကို မထည့်သွင်းခဲ့ပေမယ့် အကယ်၍ လူကာကူကသာ ဒီရာသီမှာ ရိုးမားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့မယ် ဆိုရင် ရိုးမားက သူ့ကို အပြီးသတ် ခေါ်ယူဖွယ် ရှိပါတယ်။

လူကာကူက သူ့ရဲ့ ရိုးမား ကစားသမားဘဝ အဖွင့်ပွဲ ဖြစ်တဲ့ ရိုးမား ၁-၂ အေစီမီလန် ပွဲစဉ်မှာ အသင်းအတွက် လူစားဝင် ကစားသမား အဖြစ်သာ ပါဝင် ကစားခွင့် ရခဲ့တာကြောင့် ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပေမယ့် အမ်ပိုလီနဲ့ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၁ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ရိုးမားရဲ့ ပရိသတ်တွေက အချိန်တိုအတွင်း အသင်းနဲ့ အသားကျခဲ့တဲ့ လူကာကူကို ချီးကျူးနေကြပြီး ရိုးမားနည်းပြချုပ် မော်ရင်ဟိုကလည်း ရိုးမားပရိသတ်တွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုနဲ့ တခဲနက် အားပေးမှုတွေကြောင့် လူကာကူဟာ ရိုးမားမှာ ပျော်နေပြီလို့ ပြောလာပါတယ်။

မော်ရင်ဟိုက – “လူကာကူက အသင်းမှာ ပျော်နေပါတယ်။ သူက တကယ်ကို ပျော်နေတာပါ။ သူက ပျော်ရွှင်ဖို့ လိုအပ်သလို အချစ်ခံရဖို့လည်း လိုပါတယ်။ အခုတော့ သူ လိုချင်တာတွေ ရနေပါပြီ။ သူ ဒီကိုရောက်တာနဲ့ အသင်းက သူ့ကို လိုအပ်တယ် ဆိုတာ သူ ချက်ချင်းပဲ သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူက ရိုးမားမှာ တကယ် ပျော်ရွှင်နေပြီလို့ ထင်ပါတယ်။ သူက အသင်းနဲ့အတူ နိုင်ပွဲတွေလည်း လိုချင်နေပါတယ်။ အင်တာမီလန်ကတော့ ကျွန်တော်တို့တွေ လူကာကူကို ခေါ်ယူလိုက်လို့ စိတ်ဆိုးနေမယ် မထင်ပါဘူး။ သူတို့က တိုက်စစ်မှူးကောင်းတွေကို ပိုင်ဆိုင်ထားသလို မီလန်ဒါဘီမှာလည်း ဂိုးပြတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ လူကာကူလို တိုက်စစ်မှူးမျိုး လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။