ဖီနာဘာချီအသင်းနည်းပြ ဂျိုဆေး မော်ရင်ဟိုက မနေ့ညက ရိန်းဂျားအသင်းကို ယူရိုပါလိဂ်ပွဲစဉ်မှာ (၁)ဂိုုး (၃)ဂိုး နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရခြင်းကို ကောင်းတဲ့ရလဒ်လို့ သတ်မှတ်ခဲ့ပေမယ့် (၁၆)သင်းအဆင့် ဒပွဲစဉ်ဟာ ပြီးဆုံးသွားပြီလို့ မထင်ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။
ဖီနာဘာချီဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၈)ပွဲဆက်တိုက်အထိ တောက်လျှောက် ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပေမယ့် စကော့တလန်ကလပ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ (၂)ဂိုးကွာခြားချက်နဲ့ပါ အရှုံးပေးခဲ့ရလို့ ကွာတားဖိုင်နယ် တက်လှမ်းဖို့အတွက်ပါ ဖိအားများသွားခဲ့ရပါတယ်။
Photo Credit : beIN SPORTS
ရှုံးပွဲနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက သူ့အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ညည်းညူခဲ့ပေမယ့် ဂလပ်စဂိုးမှာ သူတို့အသင်းမှာ ယှဉ်ပြိုင်စရာ အရာအားလုံး ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ နေရာအနှံ့မှာ အရမ်းဆိုးရွားခဲ့တယ်။ ခံစစ်မှာ အရမ်းဆိုးတယ်လို့ ပြောတာ မတရားဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေရာအနှံ့မှာ ဆိုးရွားခဲ့တာပါ။”
“မင်းတို့ကတော့ ရယ်မောကောင်းလောက်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒါက ကောင်းတဲ့ရလဒ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံနဲ့ဆို ဒီထက် ပိုကြီးတဲ့ ရလဒ် ဖြစ်နိုင်ခဲ့တယ်။ ဂျက် ဘတ်လန်က အံ့မခန်း ကာကွယ်မှု (၃)ကြိမ် လုပ်ခဲ့တာကို ကျွန်တော် သိတယ်။ ပင်နယ်တီတစ်လုံး ရခဲ့သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီလို စွမ်းဆောင်ရည်အပြီးမှာ ဒိုင်လူကြီးအကြောင်း ပြောတာက ကျင့်ဝတ်နဲ့ မညီဘူးလို့ ထင်တယ်။”
Photo Credit : Sky Sports
“ကျွန်တော်တို့ ဂိုးသွင်းဖို့ ရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ ကွင်းလယ်မှာ တက်ကြွမှုကောင်းတွေ မရှိခဲ့ဘူး။ ခံစစ်မှာ မယုံနိုင်စရာ အမှားတွေ လုပ်ခဲ့တယ်။ အဲဒါကို ဘယ်တော့မှ ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘူး။ သူတို့က low blocks တွေ အများကြီးနဲ့ ခံစစ်ကစားတယ်။ ကောင်းမွန်ပြီး အန္တရာယ်ရှိတဲ့ တန်ပြန်တိုက်စစ်တွေ ရှိတယ်။ ဒါကြောင့် ဒီရလဒ်ရဲ့ ပြစ်ဒဏ်နဲ့ ကျွန်တော်တို့ ထိုက်တန်တယ်။”
“ဒါပေမယ့် တစ်ယောက်ယောက်က ဒီပွဲစဉ် ပြီးသွားပြီလားလို့ မေးရင် မဟုတ်ဘူး ပြီးသွားပြီလို့ မထင်ဘူးလို့ ဖြေမယ်။ ကစားဖို့က နောက်ထပ် မိနစ်(၉၀) ဒါမှမဟုတ် မိနစ်(၁၂၀)လောက် ကျန်သေးတယ်။ ဒါက တစ်ခုတည်းသော အပြုသဘောပါ။ ဒီပွဲကနေတော့ ကျွန်တော် ဘာအပြုသဘောမှ မယူဘူး။ အရာအားလုံး မှားသွားခဲ့တယ်။ သူတို့ကို တစ်ခုပဲ ပြောပါမယ်။ အရမ်းမဝမ်းသာကြနဲ့။ ဘာကြောင့်လဲဆိုတော့ ဒုတိယပွဲစဉ် ရှိသေးတယ်။ ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အကြံပေးချက်ပါ။” လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။