တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းရဲ့ နည်းပြသစ် စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက ကျင်းပနေဆဲဖြစ်တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းက သူ့အတွက်တော့ အံ့အားသင့်စရာ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်နေရတယ်လို့ မှတ်ချက်ပြု ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီ ခရိုအေးရှား အယ်လ်ဘေးနီးယားတို့နဲ့ မရဏအုပ်စုမှာ အတူကျရောက်ခဲ့ပေမယ့်လည်း အုပ်စုတွင်း ပေးဂိုးတောင်မရှိပဲ ရာနှုန်းပြည့် အနိုင်ယူခဲ့ရင်း (၁၆)သင်းအဆင့်မှာလည်း ဂျော်ဂျီယာကို ဂိုးပြတ်ရလဒ်နဲ့ ကျော်ဖြတ်နိုင်ခဲ့သလို ကွာတားမှာလည်း အိမ်ရှင် ဂျာမနီအသင်းကို အချိန်ပို သွင်းဂိုးနဲ့ အနိုင်ယူခဲ့ရင်း အခု ဆီမီးမှာ ပြင်သစ်နဲ့ တွေ့ဆုံနေရပါတယ်။

Photo Credit : ESPN

ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မတိုင်ခင်တုန်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲ ပြင်သစ် အင်္ဂလန်တို့သာ ထိပ်ဆုံးနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး အခု ပြိုင်ပွဲက ရှုံးထွက်အဆင့်လောက်ထိ ရောက်လာချိန်မှာတော့ စပိန်အသင်းက ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာဖို့ အလွန် ရေပန်းစားလာခဲ့ရပါတယ်။

စပိန်အသင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး နည်းပြကြီး မော်ရင်ဟိုက “စပိန်အသင်းက ကျွန်တော့်အတွက် အကြီးမားဆုံး အံ့အားသင့်စရာ အသင်းတစ်သင်းပါပဲ။ သူတို့အသင်းရဲ့ တိုးတက်လာပုံတွေနဲ့ အသင်းသစ် တစ်သင်းလို လက်တွေ့ကျကျ ပြောင်းလဲလာခဲ့တယ်။”

Photo Credit : Metro

“ကျွန်တော့် တစ်ဦးတည်းအတွက်ဆိုရင်တော့ လက်ရှိအချိန်မှာ သူတို့အသင်းဟာ အကောင်းဆုံး ကစားနေနိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေတဲ့အပြင် ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံး ကစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပြီးနောက် ပေါ်တူဂီအသင်းနဲ့ ပတ်သက်ပြီးတော့လည်း “ပေါ်တူဂီကတော့ ကွာတားဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ထူးဆန်းတာမျိုး ဖြစ်မနေခဲ့ဘူး။ ကျွန်တော်တို့က ပေါ်တူဂီကို ဒီထက်မက မျှော်လင့်မိခဲ့သေးတာ။”

“ဒီပြိုင်ပွဲမတိုင်ခင် ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲကို ကွင်းထဲမှာ သွားကြည့်လိုက်ကတည်းက ပေါ်တူဂီ သိပ်ပြီး အခြေအနေ မကောင်းနိုင်ဘူးဆိုတာကို ကျွန်တော် ခံစားမိခဲ့ပါတယ်။ ပြိုင်ပွဲမှာတော့ ကျွန်တော်တို့အသင်းက တိုးတက်မှုတွေ ရှိနေတဲ့ အသင်းမျိုး ဖြစ်ခဲ့ပေမယ့်လည်း ယုံကြည်ရလောက်တဲ့ အနေအထားထိ မရောက်ရှိခဲ့ဘူး။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။