ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အီတလီ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက အသင်းနဲ့ လမ်းခွဲဖို့ထက် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကိုသာ ဦးစားပေး လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

အသက် (၃၂)နှစ်အရွယ်ရှိ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဆောင်းဈေးကွက်မှာပဲ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းဆီ အံ့အားသင့်စဖွယ် ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ယူရိုချန်ပီယံ ချန်ပီယံလိဂ် ချန်ပီယံ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးကနေ အာဆင်နယ်ကို ပေါင် (၁၂)သန်း တစ်နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရင်း ဒီရာသီမှာတော့ အာဆင်နယ်အတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနေသလို အသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင်လည်း ကြိုးစားပေးနေပါတယ်။

ဒါပေမယ့် သူရဲ့စာချုပ်က လာမယ့် ဇွန်လမှာပဲ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂျော်ဂျင်ဟိုကို အီတလီ စီးရီးအေ ကလပ်အသင်းတွေအပြင် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့နေပြီး ဂျော်ဂျင်ဟို အီတလီကို ပြန်သွားလိမ့်မယ်လို့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း များပြားလာခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဂျော်ဂျင်ဟိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အေးဂျင့်ဖြစ်သူ ဆန်းတို့စ်က “ဇွန်လမှာ သက်တမ်း ကုန်ဆုံးတော့မယ့် သူရဲ့စာချုပ်အကြောင်းကို ကျွန်တော်တို့က အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေးအလုပ်ပါပဲ။”

“အာဆင်နယ်အသင်းမှာ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့တစ်ခု ပိုင်ဆိုင်လို့နေပြီး လာမယ့်ရာသီအတွက် ဂျော်ဂျင်ဟိုကို လိုအပ်နေဦးမလားဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ အီတလီဆီ ပြန်ဖို့ကလား။ ဘာမဖြစ်နိုင်စရာမှ မရှိပါဘူး။ တစ်နေ့တော့ ဖြစ်လာနိုင်ပါတယ်။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။