ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဝါရင့် ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အာဆင်နယ်နဲ့သာ စာချုပ်သစ် မချုပ်ဖြစ်ရင် ရာသီကုန်ချိန်မှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ အလွတ်နဲ့ ပြောင်းဖို့ စိတ်ဝင်စားနေကြောင်း စပိန်သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် အီတလီလက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၊ ဆောင်းဈေးကွက်မှာမှ ချယ်လ်ဆီး ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Bein Sports

အာဆင်နယ်က ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့စဉ်မှာ ၁နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဂျော်ဂျင်ဟိုနဲ့ အာဆင်နယ်ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

ဂျော်ဂျင်ဟိုက အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် သူ့ရဲ့ အသက်အရွယ်ကြောင့် အာဆင်နယ်​က သူ့ကို စာချုပ်သစ် ချုပ်သင့် ၊ မချုပ်သင့် စဉ်းစားနေဆဲ ဖြစ်ပြီး ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ကတော့ ဂျော်ဂျင်ဟိုရဲ့ ဦးစားပေးဟာ အာဆင်နယ်မှာ ဆက်ကစားဖို့ ဖြစ်ကြောင်းနဲ့ အာဆင်နယ်မှာ ဆက်ကစားခွင့် မရမှသာ အခြားအသင်းတွေဆီ ပြောင်းမယ်လို့ ပြောကြားထားပါတယ်။

 

Photo Credit: Goal

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORTရဲ့ ဖော်ပြချက်အရ ငွေကြေးအခက်အခဲကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ကစားသမားတွေကိုသာ လိုက်ရှာနေတဲ့ ဘာစီလိုနာဟာ လာမယ့် နွေရာသီမှာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စဉ်းစားနေပြီး ဂျော်ဂျင်ဟိုကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ဒီဂျောင်နဲ့ ရိုမီယူ စတဲ့ ကွင်းလယ်လူ ၂ဦး ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေဈေးကွက်မှာ ရိုမီယူကို လက်လွှတ်ဖို့ စဉ်းစားထားတာကြောင့် ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။