အယ်လ်နာဆာအသင်းရဲ့ နည်းပြ ဂျော့ချ် ဂျေးဇူးစ်က ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်အစ်တီဟတ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို “အကောင်းဆုံး စံပြပုဂ္ဂိုလ်” အဖြစ် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ အယ်လ်နာဆာအသင်းကို ၂-၁ နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျမှာ ပထမဆုံး ဆုဖလားနဲ့ တစ်လှမ်းသာ ကွာတော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါနိုင်ပွဲအပြီးမှာ နည်းပြ ဂျေးဇူးစ်က မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်းရဲ့ စံပြကောင်းဖြစ်ပုံကို အလေးပေး ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

Ojogo သတင်းဌာနကို သူက “ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကအတွက် အကောင်းဆုံး စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ အခု အသက် (၄၀) ရှိနေပြီ၊ ဒါပေမဲ့ သူ့ရဲ့ ကာယပိုင်းနဲ့ အားကစားပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေက အံ့မခန်းပါပဲ။ ပြီးတော့ ဒီကွင်းထဲက ပရိသတ် ၈၀% ဟာ ရော်နယ်ဒိုကြောင့် ဒီကိုရောက်နေကြတာဆိုတာကိုလည်း မမေ့သင့်ပါဘူး။ အယ်လ်နာဆာအသင်းဟာ ဒီလို ကမ္ဘာကျော်ကြယ်ပွင့်တစ်ယောက်ကို ပိုင်ဆိုင်ထားရတာနဲ့ ထိုက်တန်ပါတယ်။” လို့ ချီးကျူးခဲ့ပါတယ်။

ဂျေးဇူးစ်ဟာ အယ်လ်နာဆာအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့တာ သီတင်းပတ်အနည်းငယ်သာ ရှိသေးပေမယ့် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်းကို အခုလို ချီးကျူးစကားဆိုခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးသမားအများစုဟာ အသက် (၄၀)အရွယ်မှာ ကစားသမားဘဝကနေ အနားယူလေ့ရှိပေမယ့် ရော်နယ်လ်ဒိုကတော့ ထူးခြားစွာ ဆက်လက်ကစားနေဆဲဖြစ်ပြီး ဘောလုံးသမိုင်းရဲ့ အခမ်းနားဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သမိုင်းတွင်နေမှာ သေချာပါတယ်။

Photo Credit : ESPN

အခုအခါမှာတော့ ရော်နယ်လ်ဒိုရဲ့အသင်းဟာ လာမယ့် စနေနေ့ (ဩဂုတ်လ ၂၃ ရက်)မှာ ကစားမယ့် ဆော်ဒီစူပါဖလား ဗိုလ်လုပွဲအတွက် အယ်လ်အာလီနဲ့ အယ်လ်ခါဒီဆီယားတို့ရဲ့ ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

နည်းပြ ဂျေးဇူးစ်က “ဒီပွဲက ကျွန်တော်တို့ကို ကာယပိုင်းအရ အလွန်ပင်ပန်းနွမ်းနယ်စေခဲ့ပါတယ်။ လေထုစိုထိုင်းဆက အရမ်းမြင့်မားခဲ့သလို ကျွန်တော်တို့ ဆယ်ယောက်တည်းနဲ့လည်း ကစားခဲ့ရတယ်။ ဒါပေမဲ့ ဒါဟာ အသင်းရဲ့ယုံကြည်မှုကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့တဲ့ လှပတဲ့နိုင်ပွဲတစ်ခုပါပဲ။ အယ်လ်အစ်တီဟတ်က အခွင့်အရေးတစ်ခုပဲ ဖန်တီးနိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။” လို့ ပွဲအကြောင်းကို သုံးသပ်ပြောကြားခဲ့ပါတယ်။