မန်ချက်စတာ စီးတီးအသင်းရဲ့ အဓိက နောက်ခံ ကစားသမားဖြစ်သူ ဂျွန် စတုန်းစ်ကတော့ ဒဏ်ရာ ပြသာနာကြောင့် နိုင်ငံတကာ ရက်သတ္တပတ် ပြီးဆုံးချိန်လောက်အထိ ဘောလုံး ပြန်ကစားနိုင်ဦးမှာ မဟုတ်ကြောင်း စီးတီးနည်းပြ ဂွာဒီယိုလာက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

စတုန်းစ်ဟာ ရာသီကြိုကာလမှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တာဖြစ်လို့ မန်စီးတီးအသင်းရဲ့ ရာသီအစ ပွဲစဉ်တွေဖြစ်တဲ့ ဘန်လေ ၊ နယူးကာဆယ်အသင်းတွေနဲ့ ပွဲစဉ်များအပြင် ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့တဲ့ ဥရောပ စူပါဖလားပွဲတွေကိုလည်း လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Sports Mole

စတုန်းစ်က ဒီကြွက်သားဒဏ်ရာကြောင့် လာမယ့် စက်တင်ဘာလထဲ တောက်လျှောက် အနားယူသွားရဦးမှာဖြစ်ပြီး စက်တင်ဘာ (၄)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပမယ့် နိုင်ငံတကာ ရက်သတ္တပတ်အပြီးလောက်အထိ အနားယူရနိုင်ဖွယ် ရှိနေပါတယ်။

ဒါကြောင့် စတုန်းစ်အနေနဲ့ သြဂုတ် (၂၇)ရက်နေ့ ရှက်ဖီး ယူနိုက်တက်အသင်းနဲ့ ပွဲစဉ် စက်တင်ဘာ (၂)ရက်နေ့ ဖူလ်ဟမ်အသင်းနဲ့ပ ပွဲစဉ်တွေကိုပါ ဆက်တိုက် လွဲချော်သွားရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : Football Insider

စတုန်းစ် မပါဝင်နိုင်တာက မန်စီးတီးအသင်းအတွက် ကြီးကြီးမားမား သက်ရောက်မှု မဖြစ်စေပေမယ့်လည်း အသင်းရဲ့ ဂိုးဖန်တီးရှင် တစ်ဦးဖြစ်သူ ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းနား ဒဏ်ရာကြောင့် လအတန်ကြာ အနားယူနေရတာကတော့ စီးတီးအတွက် impact တွေများစွာ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမား ဒီဘရိုင်းနားက အရွှတ် ဒဏ်ရာကြောင့် (၅)လနီးပါးလောက်အထိ အနားယူရတော့မှာဖြစ်ပြီး ခုလို မကြာခဏ ဒဏ်ရာတွေ ရနေလို့ ဒီဘရိုင်းနား နေရာအတွက် ကစားသမား ဖြည့်တင်းဖို့ပါ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။