မန်ချက်စတာ စီးတီးအသင်းရဲ့ နောက်ခံကစားသမား ဂျွန် စတုန်းစ်က အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ (၁)ဂိုးစီ သရေကျခဲ့ပြီးနောက် သူတို့အသင်းအနေနဲ့ လက်ကျန် ပွဲစဉ်တိုင်းကို မဖြစ်မနေ အနိုင်ကစားသွားရတော့မယ်လို့ အသိပေး ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အာဆင်နယ် လီဗာပူးလ်နဲ့ မန်စီးတီး (၃)သင်းတို့က အပြင်းအထန် အပြိုင်အဆိုင် ဖြစ်နေရပြီး အာဆင်နယ်နဲ့ လီဗာပူးလ်တို့က ရမှတ် (၆၄)မှတ်ချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေသလို မန်စီးတီးကတော့ (၆၃)မှတ်နဲ့ တတိယနေရာမှာသာ ရပ်တည်နေပါတယ်။

Photo Credit : This is Anfield

(၃)သင်းလုံးရဲ့ကြားမှာ အမှတ်ကွာဟချက်က ဘာမှ ရှိမနေသေးသလို ရာသီသိမ်းဖို့ကလည်း (၁၀)ပွဲခန့်ပဲ ရှိနေတော့တဲ့အတွက် ဒီ(၃)သင်းလုံး ချန်ပီယံ မျှော်လင့်ချက်က အသီးသီးမှာ ရှိနေကြပြီး ဘယ်အသင်းကမှ အမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေတွေပါ ဖြစ်နေရပါတယ်။

ဒီတစ်ပတ်မှာတော့ အာဆင်နယ်က ဘရန့်ဖို့ဒ်ကို အနိုင်ရလိုက်ချိန် လီဗာပူးလ်နဲ့ မန်စီးတီးတို့က တစ်ဖက်တစ်ဂိုးစီ သရေကျလိုက်လို့ ဒီရလဒ်ဟာ အာဆင်နယ်အတွက် အကျိုးရှိခဲ့ရပြီး ကြားရက် ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဒုကျော့အတွက်လည်း ပိုပြီးတော့ကို အပြည့်အဝ အာရုံစိုက်လာနိုင်ပါတယ်။

Photo Credit : Manchester Evening News

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မန်စီးတီး နောက်ခံလူ စတုန်းစ်က “အခုအချိန်ကနေ စတင်ပြီး ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲတွေလို သတ်မှတ်ပြီး ကစားသွားရပါတော့မယ်။ ခင်ဗျားတို့တွေလည်း နောက်ဆို ဒီစကားကို အကြိမ်တိုင်းနီးပါး ကြားသွားရပါတော့မယ်။ ကျွန်တော်တို့ အဲ့ဒီအတိုင်းပဲ ကစားသွားမှာပါ။”

“ကစားရတဲ့ ပွဲတိုင်းမှာ ဘယ်အသင်းနဲ့ပဲ ကစားရ ကစားရ ပြိုင်ဘက်အသင်းတိုင်းအပေါ်ကို လေးစားမှုအပြည့်နဲ့ ကျွန်တော်တို့ ရင်ဆိုင် ယှဉ်ပြိုင်သွားမယ်။ ကျွန်တော်က သူတို့ကိုလည်း ဗိုလ်လုပွဲတစ်ပွဲ ကစားနေရသလို ကစားသွားမှာဖြစ်ပြီး မဖြစ်မနေ အနိုင်ယူနိုင်အောင်ပါ ကစားသွားပါမယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။