ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျိုကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ အားနည်းနေတဲ့ ဂိုးသမားနေရာ အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေလက်အိတ် ရခဲ့တဲ့ မာတီနက်ဇ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်စွမ်းအထက်ဆုံးနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှု အပေးနိုင်ဆုံး ဂိုးသမား ဖြစ်ခဲ့ပြီး သူ့ရဲ့ အံ့မခန်း ကာကွယ်မှုတွေ ၊ ပင်နယ်တီ ကာကွယ်နိုင်စွမ်းတွေကြောင့်သာ အာဂျင်တီးနားက ကမ္ဘာ့ဖလားကို အရယူနိုင်ခဲ့တာလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

Photo Credit: Goal

မာတီနက်ဇ်က အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ နယ်သာလန်နဲ့ပွဲ ၊ ပြင်သစ်နဲ့ ဗိုလ်လုပွဲတွေမှာ ပြိုင်ဘက်တွေရဲ့ ပင်နယ်တီ ကန်သွင်းချက်တွေကို စွမ်းစွမ်းတမံ ကာကွယ်နိုင်ခဲ့ကာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ အာဂျင်တီးနားဟာ ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့်ပဲ ဥရောပ အသင်းကြီး တချို့က မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး မာတီနက်ဇ်ကလည်း လက်ရှိ ကစားနေတဲ့ အက်စ်တွန်ဗီလာကို စွန့်ခွာကာ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

Photo Credit: Goal

ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျိုကိုးလ်ကတော့ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ လက်စွမ်းမတည်ငြိမ်တဲ့ ကီပါနဲ့ မန်ဒီတို့ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မာတီနက်ဇ်ကို ခေါ်သင့်ပြီး မာတီနက်ဇ်သာ ရောက်လာရင် ချယ်လ်ဆီးရဲ့ ခံစစ်ကြောင်းက တည်ငြိမ်သွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဂျိုကိုးလ်က – “တကယ်လို့ ချယ်လ်ဆီးကသာ ဂိုးသမား တဦး ခေါ်ချင်တယ် ဆိုရင် မာတီနက်ဇ်ကို ခေါ်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်က သူ့ကို သေချာလေး စောင့်ကြည့်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူက အာဂျင်တီးနားရဲ့ ထိပ်တန်း ခံစစ်မှူးတွေကြောင့် ပြိုင်ဘက်တွေရဲ့ ကန်သွင်းချက်တွေကို များများစားစား မကာကွယ်ခဲ့ရပါဘူး။ ဒါပေမယ့် သူက ပြိုင်ဘက်တွေရဲ့ ဖြတ်တင်ဘောတွေကို ကာကွယ်တဲ့ နေရာမှာ အရမ်းကို ကောင်းပါတယ်။ ပြီးတော့ သူက ခံစစ်ကြောင်းကိုလည်း အမိန့်ပေးနိုင်စွမ်း ရှိပါတယ်။ သူက နောက်တန်း ၄ယောက်နဲ့ ချိတ်ဆက်နိုင်စွမ်း မြင့်မားတဲ့ ဂိုးသမားပါ။ သူက ကာကွယ်မှုတွေ အများကြီး မလုပ်ခဲ့ရပေမယ့် တကယ် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ဆိုရင် သူ့ရဲ့ အစွမ်းတွေကို ထုတ်ပြနိုင်ခဲ့သူပါ။ ဒါကြောင့် ကျွန်တော်သာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ ဖြစ်မယ် ဆိုရင် သူ့ကို ကမ်းလှမ်းသွားမှာပါ။ သူက တကယ်ကို ကောင်းတဲ့ ဂိုးသမား တယောက်ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။