ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်တတ်တဲ့ ဂျိုကိုးလ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ် ဖြစ်တဲ့ ဒေါ့မွန် ၁-၀ ချယ်လ်ဆီး ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီး ရှုံးနိမ့်ခဲ့ရတာဟာ ကစားသမားသစ် မူဒရစ်ခ်ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

အသင်းပိုင်ရှင်သစ် တော့ပ် ဘိုလေရဲ့ လက်အောက်မှာ ကစားသမားသစ်တွေကို ပေါင် ၇၀၀သန်းကျော် အထိ အသုံးပြုကာ ဝယ်ယူထားတဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။

Photo Credit: Metro

ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ချယ်လ်ဆီးတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး ဧည့်သည် ချယ်လ်ဆီးက အိမ်ရှင် ဒေါ့မွန်ထက် ကစားပုံ ပိုကောင်းခဲ့ပေမယ့် သွင်းဂိုး သွင်းမှ အနိုင်ရမယ့် ဘောလုံးလောကရဲ့ ရိုးရှင်းတဲ့ စည်းမျဉ်းကြောင့် သွင်းဂိုး ရအောင် သွင်းနိုင်ခဲ့တဲ့ ဒေါ့မွန်ကပဲ အဖိုးတန် နိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။

ဒေါ့မွန် ၁-၀ ချယ်လ်ဆီး ပွဲစဉ်မှာ ဒေါ့မွန်က အပိုင် ဂိုးသွင်းခွင့် များများစားစား မရခဲ့ပေမယ့် ပွဲချိန် ၆၃မိနစ်မှာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အဒီယီမီက ချယ်လ်ဆီးရဲ့ ထောင့်ကန်ဘော ကနေ ရလာတဲ့ တန်ပြန် တိုက်စစ်ဆင်နိုင်မှုကို အခွင့်ကောင်း ယူပြီး တဦးထဲ ကွင်းတဝက်ကျော် ပြေးလွှားရင်း ချယ်လ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဂိုးသမား ကီပါတို့ကို လှလှပပ ကျော်ဖြတ်ကာ ဒေါ့မွန်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

Photo Credit: Metro

ဒေါ့မွန်ရဲ့ အနိုင်ဂိုးနဲ့ ပတ်သတ်ပြီး လက်ရှိမှာ ချယ်လ်ဆီးနည်းပြ ပေါ်တာနဲ့ တည်ကန်ဘောနည်းပြတို့ကို ဝေဖန်မှုတွေ ရှိနေပေမယ့် ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း ဖြစ်သူ ဂျိုကိုးလ်ကတော့ အဒီယီမီရဲ့ သွင်းဂိုးမှာ အဓိက တာဝန်ရှိသူဟာ တောင်ပံကစားသမား မူဒရစ်ခ်သာ ဖြစ်ပြီး မူဒရစ်ခ်ကသာ ဘောလုံးနောက်ကို တောက်လျှောက် ပြန်လိုက်ခဲ့ရင် ဖာနန်ဒက်ဇ်နဲ့ ကီပါတို့က အဒီယီမီရဲ့ ကန်ချက်ကို တားဆီးနိုင်လောက်တယ်လို့ ထင်မြင်နေပါတယ်။

ဂျိုကိုးလ်က – “ကျွန်တော်ကတော့ ဒီဂိုးအတွက် မူဒရစ်ခ်ကို အပြစ်တင်ချင်ပါတယ်။ ခင်ဗျားက တိုက်စစ် ကစားသမား တယောက် ဆိုရင် ထောင့်ကန်ဘော ရတဲ့ အခါ ‘ဒီနေရာမှာ နေရင်တော့ ငါ ဂိုးသွင်းနိုင်လောက်တယ်’ ဆိုပြီး နေရာယူထားတတ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ခင်ဗျားအသင်းရဲ့ ဘောလုံးက ပျက်သွားရင် အဲ့ဒီနေရာ ကနေ ချက်ချင်း ဘောလုံးရှိတဲ့ နေရာဆီ ပြေးပြီး ခံစစ်ကို ကူညီရမှာပါ။ သူက အဒီယီမီ တယောက် သူ့ကို ကျော်ပြေးသွားတာကို ခွင့်ပြုခဲ့ပါတယ်။ ဒါက သူ့ရဲ့ အမှားပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။