ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့မှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမားဟောင်း ဂျိုကိုးလ်ကတော့ သူဟာ ယခု ရာသီအစမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန် ကွင်းလယ်လူဟောင်း မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်သီးလေး လွဲချော်ခဲ့ပေမယ့် နွေဈေးကွက် အတွင်းမှာ ဇင်ချန်ကို ၊ ဂျေဇူး ၊ ဗီအဲရာ စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူနိုင်မှု ၊ မာဆေးလ်ကနေ ပြန်ရောက်လာတဲ့ လူငယ်ကြယ်ပွင့် နောက်ခံလူ ဆာလီဘာရဲ့ သူမတူတဲ့ အရည်အသွေးတွေကြောင့် ဒီရာသီမှာ အကောင်းဆုံးပုံစံ တရပ်ကို ရရှိထားပြီး ပြိုင်ပွဲစုံမှာ ၁ပွဲသာ ရှုံးနိမ့်ထားကာ ကျန်တဲ့ပွဲတွေ အားလုံးကို အနိုင်ရခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အပြီးမှာ ၈ပွဲနိုင် ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားပြီး ယနေ့ညမှာလည်း အာဆင်နယ်က ခြေစွမ်းမတည်ငြိမ်တဲ့ လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေတာကြောင့် သူတို့အသင်းရဲ့ နိုင်ပွဲဆက် စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျိုကိုးလ်ကတော့ အာဆင်နယ်ရဲ့ ခြေစွမ်းတွေကို အတော်လေး သဘောကျနေပြီး သူဟာ ဒီရာသီမှာ အာဆင်နယ်အနေနဲ့ လိဂ်ချန်ပီယံ ဖြစ်နိုင်ကြောင်းကို ယုံကြည်တဲ့ လူတွေထဲ ပါလာပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုလာပါတယ်။

Photo Credit: Football 365

ဂျိုကိုးလ်က – “ကျွန်တော်က အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်တယ် ဆိုတာကို ယုံကြည်တဲ့လူ ဖြစ်သွားပါပြီ။ ခင်ဗျားတို့က ပြီးခဲ့တဲ့ ၁၀နှစ် အတွင်းမှာ အာဆင်နယ်အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ နီးစပ်ခဲ့ပြီးမှ ခဏခဏ ခြေချော်သွားတဲ့ ဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ဖူးမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁နှစ် အတွင်းမှာ အာတီတာ လုပ်ပြနေတဲ့ စွမ်းဆောင်ရည်နဲ့ စီမံကိန်းက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာနေပါပြီ။ လူငယ်တွေ ၊ အသစ်ရောက်လာတဲ့ ကစားသမားတွေက အာဆင်နယ် အတွက် ရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ပါတယ်။ သူတို့ကို ကြည့်ရတာ လုံးဝကို ယိုပေါက်မရှိပဲ လည်ပတ်နေတဲ့ စက်တလုံးလိုပါပဲ။ ဒီအချိန်က အာဆင်နယ်ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချိန်အခါ တခုပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။