မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ကစားသွားခဲ့တဲ့ ချဲလ်ဆီး နဲ့ ရီးယဲလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်အတွင်း ချဲလ်ဆီးဘက်က အဆုံးသတ်ပိုင်းနဲ့ ကစားသမားတွေရဲ့ ယုံကြည်မှုပိုင်းတွေ အားနည်းမှုတွေ ရှိခဲ့တဲ့အပေါ် ချဲလ်ဆီး ကစားသမားဟောင်းကြီး ဂျိုးကိုးက ပြစ်တင်သွားခဲ့ပါတယ်။

They were beaten 2-0 at Stamford Bridge after a second half brace from Rodrygo

Photo Credit : Daily Mail

ချဲလ်ဆီးအသင်းဟာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ရီးယဲလ်ဘက်ကို အကောင်းဆုံး ရင်ဆိုင်သွားနိုင်ခဲ့ပြီး ကူကူရယ်လာရဲ့ အနီးကပ် ကန်ချက်ကိုုလည်း ကော်တိုရစ် ကာကွယ်သွားခဲ့ရသလို ကန်တေရဲ့ အပိုင်ကန်ချက်ဟာလည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဧည့်သည် ရီးယဲလ်က ရိုဒရီဂိုရဲ့ ဂိုးတွေ ရယူနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (0-4)နဲ့ ရီးယဲလ်ပဲ ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ရပါတယ်။ အခုဆိုရင် ချဲလ်ဆီးအသင်းဟာ ယာယီနည်းပြ ဖရန့်လမ်းပတ်လက်ထက် (၄)ပွဲကစား (၄)ပွဲလုံး ရာနှုန်းပြည့် ရှုံးပွဲတွေနဲ့ စံချိန်တင်သွားခဲ့ရပါတယ်။

Joe Cole blamed his former side's poor finishing on 'low confidence'

Photo Credit : Daily Mail

ဒီပွဲနဲ့ ပတ်သတ်ပြီး ချဲလ်ဆီး ကစားသမားဟောင်း ဂျိုးကိုးက “အထူးသဖြင့်တော့ ပထမပိုင်းမှာ သူတို့ ကောင်းကောင်း ကစားခဲ့ပေမယ့် ကစားသမားတွေရဲ့ ယုံကြည်မှု နည်းပါးနေတာတွေ အခွင့်အရေးတွေ အသုံးချနိုင်ခြင်း မရှိတာတွေက အဆင်မပြေပါဘူး။ ကစားသမားတွေက ဒီထက်မက ပိုကောင်းအောင် လုပ်ဆောင်နိုင်သင့်တယ်။ အခုက ဖရန့်(လမ်းပတ်)အတွက် ခက်ခဲတဲ့ အချိန်မျိုးပါ။ အယောက်(၃၀)စာလောက် ရှိနေတဲ့ ကစားသမားအုပ်စုကို စိတ်ဓါတ် လှုံဆော်ဖို့ ခက်ခဲပါတယ်။ ခုလို အချိန်မှာ အသင်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ဖို့ဆိုတာလည်း ခက်ပါတယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Chelsea are out of the Champions League after failing to overturn a 2-0 deficit against Real Madrid

Photo Credit : Daily Mail

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းနေရပြီဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၁၁)နေရာထိ ရောက်ရှိနေလို့ လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက်ပါ အခြေအနေ မဟန်တော့သလို ဖြစ်နေရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း အာဆင်နယ် မန်စီးတီး နယူးကာဆယ် မန်ယူနိုက်တက်တို့လို အသင်းတွေနဲ့ပါ ရင်ဆိုင်ရဖို့ ရှိနေတဲ့အတွက် ဒီအခြေအနေဆိုးကို ခက်ခက်ခဲခဲ ဖြတ်သန်းရဖွယ် ရှိနေပါတယ်။