ရီးရဲလ် ဘက်တစ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ယော်ကွင်းက မန်ချက်စတာ ယူနိုက်တက်ကနေ အငှားလာရောက်ကစားနေတဲ့ အန်တိုနီကို အထင်ကြီးစရာ ခြေစွမ်းပြသနေပြီးနောက် အသင်းမှာ ဆက်ရှိနေစေဖို့ အစ္စကိုကို ကူညီပြီး ပြန်ပေးဆွဲမယ်လို့ အရွှန်းဖောက် ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလက အိုးလ်ထရက်ဖို့ဒ်မှ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ လာလီဂါမှာ ခြေစွမ်း ပြန်လည်တောက်ပလာခဲ့ပြီး (၁၇)ပွဲ ကစားရာမှာ (၆)ဂိုးသွင်း (၄)ဂိုး ဖန်တီးပေးထားပါတယ်။ အန်တိုနီရဲ့ ခြေစွမ်းတွေကြောင့် ဘက်တစ်အသင်းဟာ လက်ရှိ လာလီဂါ အဆင့် (၆)မှာ ရပ်တည်နေပြီး ယူရိုပါ ကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ထားသလို အသင်းရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်အတွက် အန်တိုနီက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
Photo Credit : Tribuna
အန်တိုနီကို ဆက်လက် ထိန်းသိမ်းထားလိုတဲ့ ဘက်တစ်ဟာ မကြာသေးမီက ယူနိုက်တက်အသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကနဦးကမ်းလှမ်းမှုဖြစ်တဲ့ အသက်(၂၅)နှစ်အရွယ် ကစားသမားကို နောက်ထပ် ရာသီကုန်အထိ အငှားနဲ့ ဆက်ခေါ်ယူလိုတဲ့ ကမ်းလှမ်းချက်ကို ယူနိုက်တက်ဘက်က ချက်ချင်း ပယ်ချခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်လောက်နဲ့ အပြီးသတ် ရောင်းချဖို့ကိုသာ စိတ်ဝင်စားနေပါတယ်။
ပရိသတ်တွေနဲ့ ကလပ်ရဲ့ ဂန္ထဝင်ကစားသမားတွေကြားမှာ အန်တိုနီကို အက်စတာဒီယို ဘန်နီတို ဗီလာမာရင်မှာ ဆက်ရှိနေစေချင်တဲ့ ဆန္ဒတွေ တိုးပွားနေပြီး ယော်ကွင်းက “သူ့ကို ပြန်ပေးဆွဲရမယ်ဆိုရင်တောင် ကား ကျွန်တော် စီစဉ်ပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူ ဒီမှာ ဆက်နေရမယ်။ ဒါက ပျော်ရွှင်ရမယ့် အချိန်ပဲ။ အရေးကြီးတဲ့ အခိုက်အတန့်တွေ ရောက်လာလိမ့်မယ်လို့ ထင်တယ်။ နောက်မှ ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Goal
ဘက်တစ်ဘက်က စိတ်ဝင်စားမှုရှိနေပေမယ့် ယူနိုက်တက်ကတော့ သူတို့ရဲ့ ရပ်တည်ချက်အတိုင်း ခိုင်မာနေဆဲဖြစ်ပြီး နည်းပြ ရူဘင် အမော်ရင်ကလည်း အန်တိုနီနဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် နှစ်ဦးစလုံး ရာသီကုန်မှာ မန်ချက်စတာကို ပြန်လာကြမှာဖြစ်ပြီး သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အပြီးသတ် ဆုံးဖြတ်ချက်တွေ မချမီ အသင်းတွင်း နေရာအတွက် အကဲဖြတ်သွားမယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။
တောင်ပံကစားသမား အန်တိုနီဟာ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ တန်ဟက်ဂ်ကိုယ်တိုင် အန်တိုနီကို ပွဲကစားခွင့်တွေ ကန့်သတ်ခဲ့သလို အမော်ရင်ကလည်း အန်တိုနီကို နေရာပေးဖို့ထက် အသင်းကနေ လက်လွတ်လိုက်ဖို့ကိုသာ ဆုံးဖြတ်ခဲ့ပါတယ်။