ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀) တန်ကြေးနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီးနောက် နှစ်ပတ်တာကာလအတွင်းမှာပဲ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဂျာအို ပက်ဒရိုတစ်ယောက် မယုံကြည်နိုင်အောင် ဖြစ်နေပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဥရောပချန်ပီယံ ပီအက်စ်ဂျီကို အနိုင်ယူပြီး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ရာမှာ ကိုးလ်ပါးလ်မားက နှစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်ကာ အဓိကကြယ်ပွင့် ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်သား ပက်ဒရိုအတွက်တော့ အားလပ်ရက်ခရီးထွက်ရာကနေ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ နှစ်ပတ်ပဲကြာခဲ့တာကြောင့် ပျော်ရွှင်မှုတွေနဲ့ အံ့အားသင့်မှုတွေ ရောထွေးနေခဲ့ရပါတယ်။

Photo Credit : Chelsea Photo X

ပက်ဒရိုဟာ ဇူလိုင်လ ၂ ရက်နေ့ကမှ ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင်သန်း(၆၀)နဲ့ တရားဝင် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လာခဲ့ပါပြီ။ အသက်(၂၃)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဆီမီးဖိုင်နယ်မှာ သူ့ရဲ့ ကစားသမားဘဝအစပြုခဲ့ရာ ကလပ် ဖလူမီနန်ဆီကို နှစ်ဂိုးသွင်းပြီး အနိုင်ရအောင် ကူညီပေးခဲ့သလို ပီအက်စ်ဂျီကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ချယ်လ်ဆီးအတွက် နှစ်ပွဲသာကစားပေးရသေးတဲ့ သူ့အတွက် တတိယမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။

“ဒါက ချယ်လ်ဆီးပဲ” ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းထဲမှာ DAZN သတင်းဌာနက ပက်ဒရိုနဲ့တွေ့ဆုံပြီး နွေရာသီအားလပ်ရက်ကနေ ဒီလိုအချိန်တိုအတွင်း ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ ခံစားချက်ကို မေးမြန်းခဲ့ရာမှာ ဘရာဇီးလ်ကြယ်ပွင့်က အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။”ကျွန်တော် ဘာပြောနိုင်မှာလဲ? ဘာပြောရမလဲ? ဒါ ချယ်လ်ဆီးပဲလေ။ ဒါကြောင့် ကျွန်တော်ဒီကိုရောက်လာတာ ဆုဖလားတွေရဖို့အတွက်ပဲ။ ကျွန်တော် အရင်ကတည်းက ပြောခဲ့သလိုပဲ၊ ဒီအောင်မြင်မှုကို ကျွန်တော် ပျော်ရွှင်ခံစားရမယ်။ ကျွန်တော် ဒီကိုရောက်လာခဲ့ပြီ။” လို့ ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

ဒီအောင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက် ကလပ်ကမ္ဘာ့ဖလားဖြစ်ပြီး ၂၀၂၁ ခုနှစ်က ပြိုင်ပွဲပုံစံဟောင်းနဲ့ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကိုးလ်ပါးလ်မားက ရွှေဘောလုံးဆု (Golden Ball) ကို ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်က ရွှေလက်အိတ်ဆု (Golden Glove) ကို ဆွတ်ခူးခဲ့ပါတယ်။

နည်းပြ အန်ဇို မာရက်စကာရဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်လမှာ ပြိုင်ပွဲတွေပြန်မစတင်ခင် ကောင်းကောင်းအနားယူခွင့်ရမှာ ဖြစ်ပါတယ်။ လန်ဒန်အနောက်ပိုင်းကလပ်ဟာ လေဗာကူဆင် အေစီမီလန်တို့နဲ့ ခြေစမ်းပွဲနှစ်ပွဲကစားပြီးနောက် ၂၀၂၅-၂၆ ရာသီသစ်ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ရာသီဖွင့်ပွဲနဲ့အတူ တရားဝင် စတင်သွားမှာ ဖြစ်ပါတယ်။