အသက်လက်တီကို မက်ဒရစ် အသင်းကနေ ချယ်လ်ဆီးအသင်းဆီမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်က လာမယ့် ရာသီမှာ ချယ်လ်ဆီးနဲ့ ဆက်ပြီး လက်မတွဲဖြစ်တော့ရင်တောင် ပရီးမီးယားလိဂ်က ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ထပ်မံ ပြောင်းရွှေ့သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football London

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်း ကစားသမား ခေါ်ယူမှုတွေ များစွာ လုပ်ဆောင်ခဲ့ရာ ဂျာအိုဖီးလစ်ကိုပါ အသက်လက်တီကိုကနေ အငှား ခေါ်ယူခ ယူရို (၁၁)သန်းနဲ့ ရာသီကုန်အထိ အငှား ခေါ်ယူခဲ့ပါတယ်။ ပေါ်တူဂီ တိုက်စစ်ကစားသမား ဖီးလစ်က လက်ရှိမှာ (၁၇)ပွဲ ကစား (၃)ဂိုးဝါ သွင်းယူထားနိုင်တယ် ဆိုပေမယ့် ချယ်လ်ဆီးအသင်း ကိုယ်တိုင်က ဒီရာသီမှာ အတော်လေးကို ရုန်းကန်နေရတာကြောင့် ကစားသမားတွေလည်း ခြေစွမ်းပိုင်း တည်ငြိမ်မှု နည်းပါးခဲ့ရပြီး ဖီးလစ်ပါ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit : Chelsea Core

ဒါပေမယ့် ဖီးလစ်ကို ချယ်လ်ဆီးက အငှားနဲ့ မခေါ်ယူခင်မှာ အာဆင်နယ် မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေခဲ့တာကြောင့် ဖီးလစ်အနေနဲ့ နောက်ရာသီမှာ ချယ်လ်ဆီး ကစားသမားအဖြစ် ဆက်ပြီး ရှိမနေတော့ဘူးဆိုရင်လည်း တခြားသော ပရီးမီးယားလိဂ် ကလပ်တွေဆီ ပြောင်းရွှေ့ရင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကစားသမားအဖြစ်သာ ဆက်လက် ရှိနေနိုင်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ နယူးကာဆယ် ယူနိုက်တက် နဲ့ လီဗာပူးလ် တို့က ဖီးလစ်ရဲ့ အသင်းသစ်တွေ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Chelsea Core

ဒီလို အခြေအနေ ရှိနေတယ် ဆိုပေမယ့်လည်း ဖီးလစ်ဘက်ကတော့ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိရေးကိုသာ ပိုမို ဦးစားပေးသွားမှာဖြစ်ပြီး သူရဲ့ အငှားသက်တမ်း ထပ်တိုးနိုင်ဖို့ ဒါမှမဟုတ် ချယ်လ်ဆီးဆီ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ကိုပဲ ဦးစားပေး လုပ်ဆောင်ချင်နေပါတယ်။ အသက်လက်တီကိုအသင်းဆီ ပြန်သွားဖို့ကတော့ သူနဲ့ အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီတို့ကြားမှာ အဆင်မပြေမှုတွေ ရှိထားတဲ့အတွက် အသက်လက်တီကိုဆီ ပြန်ကစားဖို့ မဖြစ်နိုင်တော့ပဲ ပရီးမီးယားလိဂ်မှုသာ ဆက်လက် မြင်တွေ့ရဖွယ် ရှိနေပါတယ်။