ဘာစီလိုနာအသင်းက ဒီနှစ်ဘောလုံးရာသီအတွင်း ပြိုင်ပွဲ(၃)ခုမှာ ရှိနေပေမယ့်လည်း စပိန်လာလီဂါ အမှတ်ပေးဆုဖလားကသာ သူတို့အသင်းအတွက် ဦးစားပေး ဆုဖလား ဖြစ်တယ်လို့ အသင်းဥက္ကဌ ယိုဟန်လာပေါ်တာက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဘာစီလိုနာအသင်းဟာ ဒီရာသီထဲ စပိန်စူပါဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့အပြင် လာလီဂါမှာလည်း ဒုတိယနေရာက ရီးယဲလ်မက်ဒရစ်အသင်းထက် (၈)မှတ်အထိ ဖြတ်တောက်ထားနိုင်တာကြောင့် လာလီဂါဖလားပါ ရယူနိုင်ဖို့က အခြေအနေကောင်းနေရပါတယ်။ ဒါ့အပြင် ဘာစီလိုနာက ယူရိုပါလိဂ်နဲ့ စပိန်ကိုပါဒယ်ရေးဘက်မှာပါ ဆက်လက် ယှဉ်ပြိုင်နေရဆဲ ဖြစ်တာကြောင့် လာလီဂါဖလားအပြင် တခြားသော ဆုဖလားတွေကိုလည်း မျှော်မှန်းလို့ရနိုင်တဲ့ အခြေအနေမျိုးအထိ ရှိနေရပေမယ့်လည်း လာပေါ်တာကတော့ သူတို့အသင်းရဲ့ အဓိက ဦးစားပေးကတော့ လာလီဂါဖလားပဲလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Joan Laporta: 'We brought joy back to FC Barcelona'

Photo Credit : FC Barcelona

“ကျွန်တော်တို့အသင်းရဲ့ ဦးစားပေး လာလီဂါဆုဖလားကို ရရှိနိုင်ဖို့ပါပဲ။ ကျွန်တော်တို့က အခိုင်အမာကို ရေပန်းစားနေတဲ့ အသင်း ဖြစ်နေပေမယ့်လည်း အဆုံးအထိကို ကြိုးစားအားထုတ်ဖို့ကတော့ လိုအပ်ပါလိမ့်မယ်။ အသင်းအတွင်းမှာလည်း စိတ်အားထက်သန်မှုတွေ များစွာ ရှိနေပါတယ်။ အသင်းက ခံစစ်ပိုင်းမှာလည်း ပိုမို အားကောင်းလာပြီးတော့ တစ်ရာသီလုံးမှာလည်း ပေးဂိုး (၇)ဂိုးကိုသာ ခွင့်ပြုထားခဲ့ရပါတယ်” လို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်အတွင်း ပြိုင်ပွဲစုံ (၁၀)ပွဲဆက်တိုက် နိုင်ပွဲ ရယူထားနိုင်ခဲ့သလို လာလီဂါဘက်မှာလည်း (၅)ပွဲဆက်အထိ နိုင်ပွဲရထားခဲ့ပါတယ်။ ဒီအချိန်မှာ မဟာပြိုင်ဘက် ရီးယဲလ်အသင်းက လာလီဂါပွဲစဉ်တွေအတွင်း ခြေချော်မှုတွေ ဖြစ်ထားခဲ့ရတာကြောင့် (၈)မှတ်အထိပါ ဖြတ်တောက်နိုင်ခဲ့ရသလို ကိုပါဒယ်ရေးဘက်မှာလည်း ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း ရီးယဲလ်နဲ့ပဲ ထပ်မံ ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဘက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေပြီး လာမယ့်တစ်ပတ်ထဲမှာ စတင် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။