ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တောင်ကိုရီးယား ဂန္တဝင် ကွင်းလယ်လူ ပက်ဂျီဆန်ကတော့ လက်ရှိ တောင်ကိုရီးယားရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ ပူပူနွေးနွေး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ပိုင်ရှင်လည်း ဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မားကပ် ရက်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့ နှစ်ဦးစလုံးထက် ပိုကောင်းတဲ့ တိုက်စစ် ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့သလို ဆွန်ဟောင်မင်က မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆွန်ဟောင်မင်က လက်ရှိ အာရှတိုက်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို လေဗာကူဆင်ကနေ စပါးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူက ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သူပါ။

Photo Credit: Metro

ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း စပါးကို ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီပေးနိုင်ခဲ့ပြီး စပါးအတွက် ပြိုင်ပွဲစုံ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုပါ ပင်နယ်တီ သွင်းဂိုးတွေ မပါဝင်ပဲ ရယူနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ မားကပ် ရက်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးပေါင်း ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ ပက်ဂျီဆန်က သူနဲ့ တနိုင်ငံထဲသား ဆွန်ဟောင်မင်ဟာ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ထက် ပိုကောင်းတဲ့ တိုက်စစ် ကစားသမား ဖြစ်ကြောင်း ယုံကြည်နေပြီး ဆွန်ဟောင်မင်ကိုလည်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ပက်ဂျီဆန်က – “ဆွန်ဟောင်မင်က ရက်ဖို့ဒ်ထက် ပိုကောင်းပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က ဆွန်ဟောင်မင်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကျန်ရစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ခြေရာကို နင်းနိုင်မယ့် ကစားသမားလို့ ယုံကြည်ထားပါတယ်။ ဆွန်ဟောင်မင်က ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့ထက် သွင်းဂိုးတွေ အများကြီး ပိုသွင်းပေးနိုင်တဲ့ ကစားသမားပါ။ ပြီးတော့ ဆွန်ဟောင်မင်ကိုလည်း တခု ပြောချင်ပါတယ်။ စပါးက ဆုဖလားတွေ ရယူနိုင်မယ့် နေရာတခု မဟုတ်ပါဘူး။ သူက ဘာဘာတော့ဗ်ကို နမူနာ ယူပြီး စပါးကနေ မန်ယူဆီ ပြောင်းသင့်ပါတယ်” ဆိုပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။