ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဂါဘရီရယ် ဂျေဇူးက သူဟာ တိုက်စစ်မှူး တဦး အဖြစ် ကစားရပေမယ့် သွင်းဂိုးတွေ သွင်းယူတာက သူ့ရဲ့ အားသာချက် တခု မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Sky Sports

ဂါဘရီရယ် ဂျေဇူးက အာဆင်နယ် အသင်းဖော်တွေနဲ့ အတွဲအဖက်မိသလို တိုးအား ၊ ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် အာဆင်နယ်အသင်းဖော်တွေနဲ့ ပရိသတ်တွေက သူ့ကို အတော်လေး ချစ်ကြပါတယ်။

ဂျေဇူးက သူ ပါဝင် ကစားတဲ့ ပွဲတိုင်းလိုလိုမှာ ခြေစွမ်းကောင်းတွေ ပြတတ်ပေမယ့် အခွင့်အရေးတိုင်းကို အကောင်းဆုံး အဆုံးသတ်နိုင်တဲ့ တိုက်စစ်မှူးတော့ မဟုတ်ပဲ သူက အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။

Photo Credit: Goal

ဒါ့အပြင် ဂျေဇူးက ဘရာဇီးလ်အတွက် ပြိုင်ပွဲစုံမှာ ၆၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းနှုန်း နည်းပါးမှုကြောင့် ဘရာဇီးလ်သတင်းထောက် တချို့က ဂျေဇူးကို ဝေဖန်မှုတွေ လုပ်နေကြကာ ဂျေဇူးကလည်း ဂိုးသွင်းတာဟာ သူ့ရဲ့ အားသာချက် တခု မဟုတ်ခဲ့ကြောင်း ဝန်ခံလာပါတယ်။

ဂျေဇူးက – “၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှာပဲ ကျွန်တော့်ရဲ့ ဘဝက ပြောင်းလဲခဲ့တယ်လို့ ပြောရပါမယ်။ အဲ့ဒီတုန်းက ကျွန်တော်ဟာ လူငယ်အရွယ်ပဲ ရှိသေးတာမို့လို့ မတူညီတဲ့ စိတ်ဓာတ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်က ပိုပြီး ရင့်ကျက်လာသလို မိသားစုကို ချစ်တဲ့ လူတယောက် ဖြစ်နေပါပြီ။ ဘောလုံးကလည်း ကျွန်တော့်ရဲ့ ဦးစားပေးအရာ ဖြစ်လာပါတယ်။ ကျွန်တော်က အကောင်းဆုံးခြေစွမ်းတွေ ပြဖို့ ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ် ဆိုတာ သိလာပါတယ်။ အထူးသဖြင့် ကျွန်တော်က ဘရာဇီးလ် အတွက် ကြိုးစားနေပါတယ်။ ဒါပေမယ့် တချို့အရာတွေက လေ့ကျင့်ရုံနဲ့ မရပါဘူး။ ကျွန်တော်က အမြဲတမ်း အသင်းရဲ့ အကျိုးအတွက် လေ့ကျင့်တယ် ၊ သင်ယူတယ် ၊ ကြိုးစားပါတယ်။ ဂိုးသွင်းတာကတော့ ကျွန်တော့်ရဲ့ အားသာချက် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ဂိုးတွေ သွင်းနိုင်ခဲ့သလို ဆက်ပြီးတော့လည်း ဂိုးတွေ သွင်းနေဦးမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။