ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဂျေဇူးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၃-၃ ဆောက်သမ်တန် ပွဲအပြီးမှာ သူတို့အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၃ပွဲဆက် သရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိသေးတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂျေဇူးရဲ့ အာဆင်နယ်က ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အပြိုင် လုနေရပြီး မန်ချက်စတာ စီးတီးက နိုင်ပွဲတွေ ဆက်တိုက် ရနေချိန်မှာ အာဆင်နယ်ကတော့ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၃ပွဲဆက် သရေကျခဲ့တာကြောင့် ရမှတ် ၆မှတ် အထိ ဆုံးရှုံးခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၀)နဲ့ ပွဲစဉ်(၃၁)တို့မှာ လီဗာပူး ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေကို ၂ဂိုးပြတ်နဲ့ ဦးဆောင် ကစားနိုင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် သရေကျခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဆောက်သမ်တန်ကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် ခွင့်ပြုပေးခဲ့ရကာ နောက်ကျ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာကြောင့်သာ သရေတမှတ် ခွဲယူနိုင်ခဲ့တာပါ။

အာဆင်နယ် ၃-၃ ဆောက်သမ်တန် ပွဲအပြီးမှာတော့ အာဆင်နယ်က အဆင့်(၂)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးထက် ၂ပွဲပို ကစားထားရာ မန်ချက်စတာ စီးတီးကို ရမှတ် ၅မှတ်သာ ဖြတ်ထားနိုင်တော့တာကြောင့် မန်ချက်စတာ စီးတီးကသာ လက်ကျန်ပွဲ ၂ပွဲစလုံးကို အနိုင် ကစားနိုင်ခဲ့ရင် အဆင့်(၁)နေရာကို ဖယ်ပေးရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Guardian

ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာဆင်နယ် ၃-၃ ဆောက်သမ်တန် ပွဲအပြီးမှာ မန်ချက်စတာ စီးတီးကသာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်နိုင်တော့မယ်လို့ တညီတညွတ်ထဲ ပြောနေကြပေမယ့် အာဆင်နယ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂျေဇူးကတော့ အဆိုပါ ပြောဆိုမှုတွေကို လက်မခံပဲ ချန်ပီယံလုပွဲဟာ မပြီးဆုံးသေးသလို သူတို့အသင်းဟာ ချန်ပီယံ ဖြစ်နိုင်သေးကြောင်း ဆိုလာပါတယ်။

ဂျေဇူးက – “အခုချိန်က ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အချိန်တခုပါ။ ကျွန်တော်တို့က ကိုယ့်အမှားတွေကြောင့်ပဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အခုလိုမျိုး ခက်ခဲတဲ့ အနေအထားဆီ ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွက် အချိန်တွေ ကျန်ပါသေးတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ အများကြီး ရှိနေပါသေးတယ်။ ချန်ပီယံလုပွဲက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့က မန်ချက်စတာ စီးတီးထက် ရမှတ် ၅မှတ် သာနေပါတယ်။ မန်စီးတီးက ပွဲကျန် ၂ပွဲကို ကစားရပါဦးမယ်။ ကျွန်တော်တို့က ချန်ပီယံ ဖြစ်ချင်ရင် လာမယ့်ပွဲတွေကို အနိုင်ကန်ဖို့ လိုပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။