ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ ကာတာစော်ဘွား ရှိတ် ဂျာဆန်က လာမယ့် အောက်တိုဘာလ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာဖွယ် ရှိနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ နေးလ် ကတ်စ်တစ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နာမည်ကြီး ကာတာမိသားစု ဖြစ်တဲ့ အယ်သနီမိသားစုရဲ့ သားအကြီး တဦး ဖြစ်သူ ရှိတ် ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပြီး သူက ဗြိတိန် ထိပ်သီးသူဌေး ရက်ကလစ်ဖ်နဲ့အပြိုင် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားနေသူပါ။

Photo Credit: Standard

ရှိတ် ဂျာဆန်နဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် ဂလေဇာမိသားစုထံ ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြပြီး ရှိတ် ဂျာဆန်က ပေါင် ၅ဘီလီယံကျော်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားချိန်မှာ ရက်ကလစ်ဖ်ကတော့ ပေါင် ၄ဘီလီယံ ဝန်းကျင်နဲ့ ယူနိုက်တက်ရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ဝန်းကျင်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

လက်ရှိမှာတော့ ဂလေဇာမိသားစုက သူတို့ရဲ့ စီးပွားရေးအကြံပေးတွေနဲ့ တိုင်ပင်ကာ ဘယ်သူ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံမလဲ ဆိုတာ စဉ်းစားနေပြီး ဂလေဇာမိသားစုနဲ့ ရင်းနှီးတဲ့ ကာဒစ်ဖ်ပိုင်ရှင်ကတော့ ဂလေဇာမိသားစုဟာ မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၆ဘီလီယံကျော်နဲ့ ရောင်းချတော့မယ်လို့ ပြောထားပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် ဖြစ်သူ နေးလ် ကတ်စ်တစ်ရဲ့ ဖော်ပြချက်အရ ရှိတ် ဂျာဆန်က သူ့ရဲ့ ကမ်းလှမ်းမှုကို ထပ်မံ တိုးမြှင့်ကာ ကမ်းလှမ်းထားပြီး ရှိတ် ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၁၀၀ရာခိုင်နှုန်း အတွက် ပေါင် ၆ဘီလီယံကျော်နဲ့ ကမ်းလှမ်းထားကာ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ရှိတ် ဂျာဆန်ထံ ရောင်းချလိုက်ကြောင်းအား လာမယ့် အောက်တိုဘာလထဲမှာ တရားဝင် ကြေညာဖွယ် ရှိနေကြောင်း သိရပါတယ်။

ရှိတ် ဂျာဆန်က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးရင် အသင်းရဲ့အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ်နဲ့ လေ့ကျင့်ရေးကွင်းတွေကို ပေါင် ၁ဘီလီယံကျော် သုံးကာ အဆင့်မြှင့်တင်ဖို့ စီစဉ်ထားသလို အသင်းအတွက် ထိပ်သီး ကစားသမားတွေကိုလည်း ပေါင် ၁ဘီလီယံကျော် သုံးကာ ခေါ်ယူပေးဖို့ ပြင်ဆင်ထားပါတယ်။