ဂျပန်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဟာဂျီမီ မိုရီယာဆုဟာ Yomiuri Shimbun ရဲ့ “Pitchside: Exclusive Stories of Japanese Football” ဆိုတဲ့ Podcast အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ သူက ၂၀၂၆ ကမ္ဘာ့ဖလားကို ချန်ပီယံဆုရရှိဖို့ ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နည်းပြပိုင်းဆိုင်ရာ ပုံစံကို စီမံခန့်ခွဲမှုပုံစံ (Management type) အဖြစ် ပြောင်းလဲသွားမယ်လို့ မိုရီယာဆုက ပြောခဲ့ပါတယ်။ သူ့ရဲ့အသင်းတည်ဆောက်မှုပုံစံနဲ့ပတ်သက်ပြီး “နည်းပြတစ်ဦးအနေနဲ့ အသင်းရဲ့ အယူအဆနဲ့ လမ်းညွှန်ချက်တွေကို ကစားသမားတွေကို တင်ပြရမယ်။ ကစားသမား ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချရမယ်။ ဒါပေမဲ့ ကွင်းထဲမှာ တကယ်ကစားနေသူတွေက ကစားသမားတွေပဲ။ ဒါကြောင့် ကျွန်တော်က ကစားသမားတွေရဲ့ အမြင်ကို တတ်နိုင်သမျှ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ချင်ပါတယ်။ အဲဒီလိုလုပ်တာက သူတို့ရဲ့စွမ်းဆောင်ရည်တွေကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။” လို့ ရှင်းပြခဲ့ပါတယ်။

Photo Credit : VOA

မိုရီယာဆုဟာ ၂၀၁၈ ခုနှစ်ကတည်းက ဂျပန်အသင်းရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာလည်း ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ လာမယ့်နှစ် ကမ္ဘာ့ဖလားမှာ အနိုင်ရရှိဖို့ ရည်ရွယ်ထားတဲ့အတွက် သူ့ရဲ့နည်းပြလုပ်ပုံကိုင်ပုံတွေ ပြောင်းလဲလာမှု ရှိမရှိ မေးမြန်းခဲ့ရာမှာတော့ “လက်ရွေးစင်အသင်းနည်းပြတစ်ဦးအနေနဲ့ လုပ်ဆောင်ပုံမှာ အဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်က (ကာတာကမ္ဘာ့ဖလားအထိ) ဖြစ်ပြီး ဒုတိယအဆင့်က (လာမယ့်နှစ် အမေရိကန်ကမ္ဘာ့ဖလား) ပါ။ ပထမအဆင့်တုန်းကတော့ ကျွန်တော် အများကြီး ကိုယ်တိုင်လုပ်ခဲ့ပြီးမှ ကျန်တဲ့နည်းပြတွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ ဒါပေမဲ့ ပထမအဆင့်အလယ်လောက်ကတည်းက နည်းပြတွေကို သူတို့ရဲ့တာဝန်တွေကို ခွဲဝေပေးပြီး နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပြောဆိုဖို့ ပြောင်းလဲခဲ့ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

“ဒါကြောင့် နည်းပြချုပ်ပုံစံကနေ စီမံခန့်ခွဲမှုပုံစံအဖြစ် ပြောင်းလဲခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်တွေလည်း သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ လက်ရှိမှာ အဓိက နည်းပြချုပ်က အဓိကခေါင်းစဉ်တွေကို ဆုံးဖြတ်ပေမဲ့ အစည်းအဝေးတွေနဲ့ လေ့ကျင့်ခန်းတွေအတွက်ကိုတော့ နည်းပြတွေက အဆိုပြုပြီး အကောင်အထည်ဖော်နေပါတယ်။” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Photo Credit : Reuters

နည်းပြ မိုရီယာဆုဟာ အသင်းဝန်ထမ်းတွေကို အမြဲတမ်းပြောလေ့ရှိတဲ့ အရာတစ်ခုရှိတယ်လို့ ဆိုပါတယ်။ “အသင်းက အနိုင်ရဖို့ဆိုရင် ကစားသမားတွေ တောက်ပနေရမယ်။ ဒီအချက်ကို ကျွန်တော်တို့ ဝန်ထမ်းအစည်းအဝေးတွေမှာ အမြဲတမ်းပြောလေ့ရှိပါတယ်။ ကစားသမားတွေ ရဲရဲဝံ့ဝံ့ကစားနိုင်ဖို့အတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို နည်းပြချုပ်နဲ့ အဖွဲ့ဝင်အားလုံးက အမြဲတမ်း စဉ်းစားကြပါတယ်။ ကစားသမားတွေသာ ရဲရဲဝံ့ဝံ့ ကစားနိုင်မယ်ဆိုရင် နိုင်ပွဲရဖို့ အခွင့်အရေး ပိုများလာမှာဖြစ်သလို၊ ပရိသတ်တွေကလည်း ‘ကစားသမားတွေက တောက်ပနေပြီး ရဲရဲဝံ့ဝံ့ ကစားနေပါလား’ ဆိုတာ ခံစားရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။