ချက်နိုင်ငံရဲ့ နာမည်ကြီး တောင်ပံကစားသမား တဦး ဖြစ်သူ ဂျန်တိုက ယမန်နေ့ညမှာပဲ သူဟာ လိင်တူစုံမက်တဲ့ LGBTQ တဦး ဖြစ်ကြောင်း အင်တာဗျူး တခု ပြုလုပ်ရင်း အတိအလင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ချက်လက်ရွေးစင် တောင်ပံကစားသမား ဂျန်တိုက စပိန်လာလီဂါကလပ် ဂီတာဖေးရဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ ကစားသမား ဘဝမှာ ဆမ်ဒိုးရီးယား ၊ အူဒီးနိစ် ၊ ဂီတာဖေး ၊ စပါတာ ပါရာဂွေ စတဲ့ ဥရောပရဲ့ အလယ်အလတ် အသင်းတွေမှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဂျန်တိုက ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သလို ချက်အသင်း အတွက် စုစုပေါင်း ၄၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးထားနိုင်ပြီး ဂျန်တိုဟာ ချက်နိုင်ငံထဲမှာ ကျော်ကြားတဲ့ ဘောလုံးသမား တဦးပါ။

ယမန်နေ့ညမှာတော့ ဂျန်တိုက သူ့ရဲ့ တွစ်တာအကောင့် ကနေ ဗွီဒီယို တပုဒ် တင်ခဲ့ပြီး အဆိုပါ ဗွီဒီယိုထဲမှာ ဂျန်တိုက သူဟာ လိင်တူခြင်း ချစ်ကြိုက်နေတဲ့ LGBTQ တဦး ဖြစ်ကာ သူ့ရဲ့ ဖြစ်တည်မှုနဲ့ လိင်စိတ်ခံယူချက် အတွက် ပရိသတ်တွေ နားလည်ပေးဖို့နဲ့ သူဟာ LGBTQ တဦး ဖြစ်ပေမယ့် ဘောလုံးကို စိတ်နှစ်ကာ သူ့ရဲ့အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားဖို့ ဆုံးဖြတ်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂျန်တိုက – “မင်္ဂလာပါ။ ကျွန်တော်ကတော့ ဂျာကွတ် ဂျန်တိုပါ။ တခြားလူတွေလိုပဲ ကျွန်တော့်မှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော့်မှာ မိသားစု ရှိသလို သူငယ်ချင်းတွေလည်း ရှိပါတယ်။ ကျွန်တော့်မှာ နှစ်ပေါင်းများစွာ ဝါသနာ ၊ ပရော်ဖက်ရှင်နယ်ဆန်မှု ၊ စိတ်အားထက်သန်မှုတို့နဲ့ အတူ လုပ်ကိုင်နေတဲ့ အလုပ်တခုလည်း ရှိပါတယ်။ တခြားလူတွေလိုပဲ ကျွန်တော်က ဘဝမှာ ကြောက်ရွံ့စိတ်တွေ မရှိပဲ ၊ အမုန်းတရားတွေ မရှိပဲ ၊ အကြမ်းဖက်မှုတွေ မရှိပဲ ချစ်ခြင်းမေတ္တာနဲ့သာ နေထိုင်ချင်ပါတယ်။ ကျွန်တော်က လိင်တူခြင်း စုံမက်နေသူ တဦးပါ။ ကျွန်တော်က အခုချိန်ကနေ စပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး” လို့ ပြောကြားထားတဲ့ ဗွီဒီယို တပုဒ် တင်ကာ သူ့ရဲ့ လိင်စိတ်ခံယူမှုကို ပရိသတ်တွေ သိအောင် ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။