ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကာရေဂါကတော့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ မြို့ခံပြိုင်ဘက် အဲဗာတန်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ရာသီကုန်မှာ အဆင့်၄အတွင်း ဝင်နိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလား ၄လုံး အောင်မြင်မှု ရဖို့ နီးစပ်ခဲ့တဲ့ အထိ ခြေစွမ်းတွေ ကောင်းခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ၂၀၂၃ခုနှစ်ရဲ့ ပထမဦးဆုံးနိုင်ပွဲကိုလည်း ယနေ့မှသာ ရှာဖွေနိုင်ခဲ့တာပါ။

Photo Credit: Team Talk

လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် လီဗာပူးကတော့ အဲဗာတန်ထက် ပိုကောင်းတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။

လီဗာပူး ၂-၀ အဲဗာတန် ပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးတွေကို အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလာနဲ့ ဂတ်ပိုတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲ ပြီးဆုံးချိန်မှာ လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းနိုင်သေးလား ဆိုတဲ့ မေးခွန်းတခု ထွက်ပေါ်လာခဲ့ပေမယ့် လီဗာပူးဂန္တဝင် ကာရေဂါကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄ထဲကို ဝင်နိုင်ဖို့ မလွယ်ကူကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

ကာရေဂါက – “ယာဂင် ကလော့ပ်က အခုချိန်မှာ လီဗာပူးဟာ ရလဒ်ကောင်းတွေ တောက်လျှောက် ယူပြီး အဆင့်၄ ဝင်ခွင့် အတွက် တိုက်ပွဲဝင်နိုင်ဖို့ပဲ မျှော်လင့်ထားလို့ ရပါမယ်။ ကျွန်တော်ကတော့ လီဗာပူးဟာ အဆင့်၄ အတွင်း ဝင်နိုင်ဖို့ အခွင့်အရေး မဆိုစလောက်လေးပဲ ရှိတယ်လို့ ထင်ပါတယ်။ လီဗာပူးရဲ့ လာမယ့်ပွဲ ဖြစ်တဲ့ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲက သူတို့ရဲ့ အဆင့်၄ဝင်ခွင့် မျှော်မှန်းချက် အတွက် အရေးပါတဲ့ ပွဲပါ။ တကယ်လို့ သူတို့ကသာ အဲ့ဒီပွဲမှာ အနိုင်ရခဲ့ရင် သူတို့ဟာ အဆင့်၄ ဝင်ခွင့် တိုက်ပွဲထဲကို ပါဝင်လာပြီလို့ ပြောနိုင်ပါလိမ့်မယ်။ ရာသီကုန်ဖို့ အဝေးကြီး လိုပါသေးတယ်” ဆိုပြီး သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးက အဆင့်၄နေရာမှာ ရှိနေတဲ့ နယူးကာဆယ်ထက် တပွဲလျော့ ကစားထားချိန်မှာ နယူးကာဆယ်နဲ့ ရမှတ် ၉မှတ် ကွာဟနေပြီး အကယ်၍ ပွဲကျန်ကိုသာ အနိုင်ရခဲ့ရင် ရမှတ် ၆မှတ်သာ ကွာဟတော့မှာ ဖြစ်တာကြောင့် လီဗာပူး အတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုရပါမယ်။