ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် အင်္ဂလန် ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်က သူ့အနေနဲ့ လာမယ့် ဘောလုံးရာသီသစ်မှာ ချယ်လ်ဆီးအတွက် အကောင်းဆုံး စွမ်းဆောင်ပေးသွားနိုင်ဖို့ကိုသာ အာရုံစိုက်ထားပြီး အသင်း ဒုက္ခရောက်စေမယ့် အမှားတွေ ထပ်မလုပ်ဖြစ်အောင် သတိထားသွားမယ်လို့ ဆိုလိုက်ပါတယ်။

အသက် (၂၄)နှစ်အရွယ် ညာခြမ်း ခံစစ်ကစားသမား ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တံကောက်ကြောဒဏ်ရာကြောင့်ရော ခွဲစိတ်ကုသမှုကြောင့်ပါ အသင်းရဲ့ ပွဲစဉ် စုစုပေါင်း (၃၈)ပွဲအထိတောင် လွဲချော်ထားခဲ့ရပြီး (၁၁)ပွဲသာ ကစားပေးနိုင်ခဲ့သလို ရာသီကုန်ခါနီး ဘရိုက်တန်နဲ့ ပွဲစဉ်မှာလည်း အနီကတ် ပြသခံခဲ့ရလို့ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ (၃)ပွဲအထိပါ ဆက်လက် ပွဲပယ်ခံရပါတော့မယ်။

Photo Credit : Metro

ဒဏ်ရာတွေ မကြာခဏ ရရှိနေလို့ injury prone player လို့ပါ ခေါ်ဆိုခံနေရတဲ့ ရီးစ်ဂျိမ်းစ်ဟာ တကယ်တော့ အရည်အသွေးမြင့် ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားကောင်းတစ်ဦး ဖြစ်သလို အသင်းမှာလည်း အချိန်တိုလေးအတွင်းနဲ့ အသင်းခေါင်းဆောင် ရာထူးကိုပါ ရရှိလာခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ ရီးစ်ဂျိမ်းစ်က ဒဏ်ရာကနေ အရှင်းသက်သာနေပြီ ဖြစ်သလို ကြံခိုင်မှုလည်း အပြည့်အဝ ရှိနေပြီ ဖြစ်တာကြောင့် လာမယ့်ဘောလုံးရာသီအတွက် အကောင်းဆုံး အခြေအနေမှာ ရှိလို့နေပြီး အသင်းအတွက် risk ဖြစ်စေမယ့် ကိစ္စရပ်တွေကိုလည်း ပိုမို သတိထားသွားမယ်လို့ ဂျိမ်းစ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Chelsea Chronicle

“ကျွန်တော်က ကန့်သတ်ချက်တွေကို တွန်းလှန်ပြီး ကစားတက်တဲ့ ကစားသမားမျိုးဖြစ်လို့ တစ်ခါတစ်ရံမှာ ဒါက ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ ပြသာနာတွေ ဖြစ်ရတက်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော် ပိုကောင်းအောင် လုပ်ဆောင်နေတဲ့ အရာပါပဲ။ ကျွန်တော် အသင်းအတွက် risk များစေမယ့် အရာတွေ အမှားတွေကို မလုပ်ဆောင်ချင်ပါဘူး။”

“ကျွန်တော် အခုတော့ ကောင်းမွန်တဲ့ နေရာမှာ ရှိနေပြီလို့ ထင်မိပါတယ်။ ကျွန်တော် တစ်ရာသီနီးပါးလုံး ပွဲကစားခွင့်တွေနဲ့ လွဲချော်ခဲ့ရသလို အခုလည်း (၄)ပွဲပယ် ပြစ်ဒဏ်ကြောင့် ကျွန်တော်ရဲ့ ရာသီကြို ကာလက ရှည်ကြာနေရဦးမှာ။ ဒါပေမယ့် ကျွန်တော် လက်ရှိမှာ အခြေအနေကောင်းပါတယ်။ နည်းပြသစ် ရောက်လာချိန် စနစ်သစ်တွေနဲ့ ပြောင်းလဲမှုများစွာ ရှိလာမှာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ စိတ်လှုပ်ရှားနေပြီး ရာသီသစ် စတင်နိုင်ဖို့ မစောင့်နိုင်တော့ပါဘူး။” လို့ ရီးစ်ဂျိမ်းစ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။