ကိုလံဘီယာ ဝါရင့် တိုက်စစ်ကစားသမားကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကတော့ ကိုလံဘီယာနဲ့အတူ ကိုပါအမေရိက ပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲခဲ့ပြီးနောက်ပိုင်း သူရဲ့လက်ရှိကလပ် ဆော်ပေါ်လိုအသင်းကနေ ထွက်ခွာဖို့နဲ့ ဥရောပ ဘောလုံးရပ်ဝန်းဆီကို ပြန်သွားဖို့ စီစဉ်လာခဲ့တယ်လို့ သိရှိရပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမားကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာ legend ကြီး ကားလို့စ် ဗာဒါရာမာရဲ့ ခြေရာကို လိုက်နင်းနိုင်သူဖြစ်ပြီး ကစားသမားဘဝအတွင်းမှာလည်း ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် ပေါ်တိုတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေမှာပါ ပါဝင်ကစားဖြစ်ခဲ့ပါသေးတယ်။

Photo Credit : The Ringer

ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ လွန်ခဲ့တဲ့ ၂၀၁၀ကတည်းက ပေါ်တိုနဲ့အတူ ဥရောပ ဘောလုံးနယ်ပယ်စီ စတင် ရောက်ရှိလာခဲ့ပြီး (၃)နှစ်အကြာမှာတော့ သူ့ကို မိုနာကိုက ယူရို (၄၅)သန်းနဲ့ အရ ခေါ်ယူခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ရီးယဲလ်မက်ဒရစ်က ခေါ်ယူခဲ့ပြီး ရီးယဲလ်မှာ ကျင်လည်ခဲ့စဉ်အတွင်း ရိုဒရီဂွက်ဇ်က ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား လာလီဂါဖလားတို့ပါ ပိုင်ဆိုင်ခဲ့ရါတယ်။

ဒါပေမယ့် ဒဏ်ရာပြသာနာတွေကြောင့် ရိုဒရီဂွက်ဇ်က ရီးယဲလ်မှာ နေရာမရတော့ပဲ ဘိုင်ယန်ဆီ အငှားချခံခဲ့ရသလို ရီးယဲလ်နဲ့ စာချုပ်သက်တမး် ကုန်ဆုံးချိန်မှာလည်း အဲဗာတန်အသင်းဆီပါ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်း ရိုဒရီဂွက်ဇ်ရဲ့ ကစားသမားဘဝက တဖြည်းဖြည်း ကျဆင်းလာခဲ့ရင်း နောက်ဆုံးတော့ ဘရာဇီးလ်ကလပ်ဆီ ရောက်သွားခဲ့ပါတယ်။

Photo Credit : Miami Herald

ဒီလို ကစားသမားဘဝ နိမ့်ကျသွားခဲ့ရတဲ့ ရိုဒရီဂွက်ဇ်က မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ကိုလံဘီယာအသင်းနဲ့အတူ အတော်လေး တောက်ပခဲ့ပြီး ကိုလံဘီယာကိုလည်း ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ရိုဒရီဂွက်ဇ်က သူရဲ့ လက်ရှိကလပ် ဆော်ပေါ်လိုအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းသွားဖို့ စီစဉ်နေပြီး ဆော်ပေါ်လိုနဲ့ လက်တွဲဖြုတ်ပြီးသွားရင်တော့ ဥရောပ ကလပ်အသင်းတွေဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားဖို့ပါ ဆုံးဖြတ်ထားပါတယ်။