တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် ထင်ထားတာထက်ကို ပိုမို အနားယူသွားရနိုင်တယ်လို့ မက်ဒီဆင်ကိုယ်တိုင် ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ဟာ ဒီနွေမှ လက်စတာကနေ စပါးအသင်းဆီကို ပေါင် သန်း(၄၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ချက်ချင်း အံ့ဝင်ခွင်ကျ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Footabll365

မက်ဒီဆင်ဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် (၁၁)ပွဲ ကစားပေးထားပြီးချိန်မှာ သွင်းဂိုး (၃)ဂိုး ဂိုးဖန်တီးမှု (၅)ကြိမ်အထိ လုပ်ဆောင်ပြီး စပါးကစားသမားဘဝ တာအထွက်မှာပဲ တစ်လတာအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ရင်း အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရပြီး အခု ဒီဇင်ဘာလထဲမှာပဲ ပြန်လည် သက်သာလာမယ်လို့ ထင်ခဲ့ရပေမယ့် လာမယ့် ဖေဖော်ဝါရီလောက်အထိပါ ဆက်လက် အနားယူသွားရနိုင်တယ်လို့ မက်ဒီဆင်က ပြောဆိုလာပါတယ်။

Photo Credit : talkSPORT

“ဒဏ်ရာ အခြေအနေက နည်းနည်းတော့ ကောင်းမွန်စွာ သက်သာလာနေပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းချင်းနဲ့ သေချာ သက်သာလာအောင် လုပ်နေရပါဦးမယ်။ ဒီဒဏ်ရာက ကျွန်တော် ရခဲ့ဖူးတဲ့ ဒဏ်ရာတွေထဲမှာ ရက်အရှည်ကြာဆုံး အနားယူတဲ့ ဒဏ်ရာမျိုးပါ ဖြစ်သွားနိုင်တယ်။”

“ပြောရမယ်ဆိုရင် (၃)လလောက်အထိတောင် နားရနိုင်တယ်။ ဒီလောက်အထိတော့ ကျွန်တော် တစ်ခါမှ မကြုံခဲ့ဖူးဘူး။ စိတ်ပျက်စရာပါပဲ။ အသင်းဖော်တွေ လေ့ကျင့်ခန်းဆင်းနေချိန် ကျွန်တော်က ဒဏ်ရာကနေ နလန်ထူဖို့ လုပ်နေရင်း သူတို့ကို လှမ်းကြည့်နေရတာက အရမ်းခက်ခဲပါတယ်။” လို့ မက်ဒီဆင်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။