တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ် မက်ဒီဆင်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ပွဲမတိုင်ခင် သူ့ကို ဝေဖန်ထားတဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းရဲ့ ဝေဖန်မှုကိုပါ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမား မက်ဒီဆင်ဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် စပါးအသင်းရဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက်အထိ လွဲချော်ထားခဲ့ရာကနေ အခု ယူနိုက်တက်နဲ့ပွဲမှ ပြန်လည် ပါဝင်လာနိုင်ခဲ့တာဖြစ်ပြီး အသင်းအတွက် အနိုင်ဂိုးကိုပါ အိုနာနာ အမှားကနေ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Irish Examiner
ဒါပေမယ့် ပွဲမတိုင်ခင်မှာ ရွိုင်ကိန်းက “Tamworth မှာ မက်ဒီဆင်ကို ကျွန်တော်တို့တွေ့ခဲ့တယ်။ သူ့ကို ထုတ်ပစ်လိုက်တယ်။ Tamworth က အသင်းငယ်လေးပါ။ လူတွေက မက်ဒီဆင်ဟာ လူတော်လို့ ပြောနေကြတယ်။ သူ ဘယ်အချိန်မှာ တကယ်ခြေစွမ်းပြမှာလဲ။ လက်စတာနဲ့တုန်းကလည်း တန်းဆင်းခဲ့ပြီးပြီ။ စပါးနဲ့လည်း တန်းဆင်းရဦးမှာ။ မက်ဒီဆင်က darts ကစားနေချိန်မှာ မဆိုးပါဘူး။ ဒါပေမယ့် သူက စပါးကို အဆင့်ခြောက်အတွင်း ပြန်ရောက်အောင် လုပ်ပေးနိုင်မယ်လို့ထင်ရင် ခင်ဗျားတို့ ရူးနေပြီလို့ ပြောချင်ပါတယ်။”
“သူက ကောင်းပါတယ်။ ပါရမီရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် စပါး အဝတ်လဲခန်းထဲမှာ ကစားသမားတစ်ယောက်အနေနဲ့ မက်ဒီဆင် အသင်းထဲကို ပြန်လာတဲ့အခါ ‘အိုး ဘုရားရေ ဒီနေ့ သူပြန်လာပြီ။ ငါတို့ အဆင်ပြေသွားပြီ’ လို့ ကြည့်ပြီး ပြောနေမှာ မဟုတ်ဘူး။ အင်္ဂလန်အတွက် ကစားသမား အယောက်(၃၀၀)လောက် ရှိပေမယ့် သူ အဲဒီထဲမှာတောင် မပါနိုင်ဘူး။ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ပဲ လိမ်နေကြတာပါ။” လို့ ဝေဖန်ခဲ့ပါတယ်။
Photo Credit : Balls
ဒါပေမယ့် ပွဲအပြီးမှာ မက်ဒီဆင်က ယူနိုက်တက်ဆီ ဂိုးသွင်းပြီး သူရဲ့ ပုံမှန် အောင်ပွဲခံနေကျ မြှားပစ်တဲ့ ပုံစံအပြင် တိတ်တိတ်နေလို့ အဓိပ္ပါယ်ရတဲ့ ပုံစံနဲ့ပါ အောင်ပွဲခံသွားရတဲ့အကြောင်းကို “ကျွန်တော်ဟာ အမြဲတမ်း ဂိုးသွင်းနိုင်တဲ့ အလယ်တန်း ကစားသမားတစ်ယောက်ပါ။ အဲဒါကြောင့် စပါးက ကျွန်တော့်ကို အသင်းဆီ ခေါ်လာတာပါ။ ကျွန်တော်က ဒီကို ရောက်လာတာ ဂိုးတွေ ဖန်တီးပေးဖို့နဲ့ ဂိုးတွေသွင်းဖို့အတွက်ပါ။”
“ဒီအပတ်မှာ ပြင်ပက ထွက်လာတဲ့ အသံတွေ အနည်းငယ်ရှိခဲ့ပါတယ်။ လူတွေက သူတို့ရဲ့ထင်မြင်ချက်တွေကို ပြောကြမှာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ဝေဖန်တာထက် ဘယ်သူမှ ပိုပြီးဝေဖန်နိုင်မှာ မဟုတ်ပါဘူး။ နည်းပြက ကျွန်တော်တို့ ကိုယ့်ကမ္ဘာလေးထဲမှာပဲ နေစေချင်ပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာနဲ့ဆိုတော့ နည်းနည်း ခက်ခဲပါတယ်။ ဒီအရာတွေကို မြင်နေရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။