ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အိုင်ဗန် တိုနေးက လာမယ့် ဆောင်းဈေးကွက်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်နဲ့အတူ အတော်လေး တောက်ပခဲ့သူ ဖြစ်ပြီး သူက ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၂ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Mirror

သူ့ရဲ့ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်းတွေက အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် ကံမကောင်းစွာနဲ့ပဲ အိုင်​ဗန် တိုနေးရဲ့ လောင်းကစားစွဲလမ်းမှု ပြဿနာက ဘူးပေါ်သလို ပေါ်လာခဲ့တာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က တိုနေးကို ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကြောင့်ပဲ ဥရောပ ထိပ်သီးအသင်းတွေက အိုင်ဗန် တိုနေးကို လက်ရှောင်ခဲ့ကြပေမယ့် လန်ဒန်အခြေစိုက် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်က ပွဲပယ်ပြစ်ဒဏ်ကာလ ပြီးဆုံးတာနဲ့ တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက လာမယ့် ဆောင်းဈေးကွက်မှာ တိုနေးအတွက် ကမ်းလှမ်းမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အိုင်ဗန် တိုနေးက အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို တပြိုင်နက်ထဲ ရရှိထားပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်ဆီ ပြောင်းဖို့သာ စိတ်အားထက်သန်နေပြီး အာဆင်နယ်နဲ့ ချယ်လ်ဆီး နှစ်သင်းထဲက တသင်းဆီ ပြောင်းရမယ် ဆိုရင် အာဆင်နယ်ဆီပဲ ပြောင်းဖွယ် ရှိနေကြောင်း သိရပါတယ်။

ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် အိုင်ဗန် တိုနေး အတွက် ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးမျိုး လိုချင်နေပြီး ဘရန့်ဖို့ဒ်က တိုနေးအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ရရှိဖို့ မျှော်မှန်းထားကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။