ဆော်ဒီထိပ်သီးကလပ် အယ် အီတီဟတ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ် ဝါဒါနဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာ တယောက် ဒဏ်ရာရသွားတာကြောင့် သူတို့ရဲ့ ထိပ်သီးပစ်မှတ် ကစားသမား ဖြစ်သူ လီဗာပူးကြယ်ပွင့် မိုဟာမက် ဆာလာကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အီတီဟတ်က ယခု နွေဈေးကွက်အတွင်းမှာ ဘန်ဇီမာ ၊ ကန်တီတို့လို ကြယ်ပွင့် ကစားသမားတွေ အပြင် ဂျိုတာနဲ့ ဖာဘင်ဟိုတို့လို အသက်အရွယ်အရ အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ကစားသမားတွေကို ခေါ်ယူထားပါတယ်။

အီတီဟတ်က ဘန်ဇီမာ ၊ ကန်တီ ၊ ဂျိုတာနဲ့ ဖာဘင်ဟိုတို့ အတွက် များပြားလှတဲ့ ငွေကြေးတွေကို သုံးစွဲထားရပေမယ့် အီတီဟတ်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကစားသမား အင်အားကို ထပ်မံ မြှင့်တင်ချင်နေတာကြောင့် လီဗာပူးကြယ်ပွင့် ဆာလာကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Standard

အီတီဟတ်က ဆာလာကို ခေါ်ယူနိုင်ဖို့ လီဗာပူးနဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး အီတီဟတ်က ဆာလာကို ၁နှစ် လုပ်ခလစာ ယူရို ၇၀သန်းကျော်နဲ့ ၃နှစ်စာ အတွက် ယူရို ၂၀၀သန်းကျော် ပေးမယ်လို့ ကမ်းလှမ်းခဲ့သလို လီဗာပူးကိုလည်း ဆာလာကိုသာ ရောင်းချမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကို တခါထဲ ပေးချေမယ်လို့ ပြောခဲ့ပါတယ်။

မိုဟာမက် ဆာလာက အီတီဟတ်ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကြောင့် ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့် လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်ကတော့ အပြောင်းအရွှေ့ရာသီ ကုန်ခါနီးမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးကို မဆုံးရှုံးချင်တာကြောင့် အီတီဟတ်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အီတီဟတ်က သူတို့ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ဆာလာအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး အီတီဟတ်က ဆာလာကို ပေါင် ၁၁၈သန်းနဲ့ ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

အီတီဟတ်ရဲ့ ကမ်းလှမ်းမှုက မက်လောက်စရာ ဖြစ်တာကြောင့် လီဗာပူးရဲ့ တာဝန်ရှိသူတွေ ကြားထဲမှာ ဆာလာအတွက် အကြိတ်အနယ် ဆွေးနွေးမှုတွေ ရှိနိုင်ပေမယ့် လီဗာပူးနည်းပြ ကလော့ပ်ကတော့ ဆာလာကို အသင်းပြောင်းခွင့် မပေးဖို့သာ ဆုံးဖြတ်ဖွယ် ရှိပါတယ်။