ပြင်သစ်ကြယ်ပွင့်တွေ ဖြစ်တဲ့ တိုက်စစ်မှူး ကာရင် ဘန်ဇီမာနဲ့ ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီတို့ကို ခေါ်ထားနိုင်တဲ့ ဆော်ဒီလိဂ် ချန်ပီယံ အယ် အီတီဟတ်က သူတို့အသင်းအတွက် အင်အားဖြည့်တင်းမှု အဖြစ် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆွန်ဟောင်မင်ကိုပါ ခေါ်ယူရန် စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အယ် အီတီဟတ်က ဝုဗ်နဲ့ စပါးနည်းပြဟောင်း နူနို ဆန်းတို့စ်ကို နည်းပြချုပ် အဖြစ် ခန့်အပ်ထားတဲ့ အသင်း ဖြစ်ပြီး နူနို ဆန်းတို့စ်ရဲ့ လက်အောက်မှာ အယ် အီတီဟတ်က ကြယ်ပွင့် ကစားသမားတွေ သိပ်မရှိပဲနဲ့ ရိုနယ်ဒို ကစားနေတဲ့ အယ် နက်ဆာကို ကျော်ဖြတ်ကာ ဆော်ဒီစူပါလိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

Photo Credit: Standard

အယ် အီတီဟတ်က ဆော်ဒီစူပါလိဂ်ရဲ့ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ဆက်လက် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရွှေဘောလုံးဆုရှင် တဦး ဖြစ်သူ ကာရင် ဘန်ဇီမာကို တနှစ်လုပ်ခလစာ ယူရို ၂၀၀သန်းနဲ့ ၂နှစ်စာချုပ် ချုပ်ကာ ခေါ်ယူထားသလို ကန်တီကိုလည်း တနှစ် လုပ်ခလစာ ယူရို ၂၅သန်းနဲ့ ၄နှစ်စာချုပ် ချုပ်ကာ ခေါ်ယူထားပါသေးတယ်။

ဘန်ဇီမာနဲ့ ကန်တီတို့ကို ခေါ်ခဲ့ပြီးနောက် အယ် အီတီဟတ်က ကြယ်ပွင့် ကစားသမားတွေ ထပ်မခေါ်တော့ဘူးလို့ ထင်ထားခဲ့ပေမယ့် အယ် အီတီဟတ်ရဲ့ တာဝန်ရှိသူတွေက အသင်းကို ဆက်လက် အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါပြီ။

Photo Credit: Spurs Official

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် အီတီဟတ်ရဲ့ တာဝန်ရှိသူတွေက လန်ဒန်မြို့ဆီ ရောက်လာကာ ဆွန်ဟောင်မင် အတွက် စပါးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး အယ် အီတီဟတ်က ဆွန်ဟောင်မင် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ဆုံးဖြတ်ထားကာ စပါးဘက်က သူတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။

အယ် အီတီဟတ်က ဆွန်ဟောင်မင်အတွက် စပါးနဲ့ တရားဝင် ဆွေးနွေးနေသလို တဖက်မှာလည်း ဆွန်ဟောင်မင်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရအောင် ကြိုးစားနေပြိး အယ် အီတီဟတ်က ဆွန်ဟောင်မင်ကို တနှစ် လုပ်ခလစာ ယူရို ၃၀သန်းနဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားကြောင်း စပါးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။