လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက အက်ဖ်အေဖလား ဖိုင်နယ်မှာ သူ့အသင်းဟောင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်ကို အရမ်းပျော်မနေဖို့ နောက်ပြောင် သတိပေးမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနောက်ပိုင်းနှစ်တွေမှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရတိုင်း အရှက်ရစရာ ရလဒ်မျိုး ခြေစွမ်းမျိုးတွေနဲ့ ရလဒ်မကောင်းခဲ့ရပေမယ့်လည်း အခု အက်ဖ်အေဖလားပွဲမှာတော့ ပုံစံကောင်း ပြသနိုင်ခဲ့ရင်း အချိန်ပို မိနစ်တွေထဲ သွင်းယူခဲ့တဲ့ အနိုင်ဂိုးနဲ့ လီဗာပူးလ်ကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

အခုဆိုရင် ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီ စီးတီးအသင်းနဲ့ တွေ့ဆုံနေရတာမို့ ဖိုင်နယ်ထိ တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနိုင်ပြီး တစ်ဖက်မှာလည်း မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ဆုံတွေ့နေတာမို့ မနှစ်ကလို မန်ချက်စတာဒါဘီ အက်ဖ်အေဖလားဖိုင်နယ် မကျေပွဲကိုပါ ပြန်လည် ဆင်နွဲရနိုင်ပါတယ်။

လီဗာပူးလ်အသင်းကို အနိုင်ရခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ကစားသမားဟောင်းတွေပါ ပျော်ရွှင်မြူးထူးကုန်ကြကာ အဲ့ဒီထဲမှာ ဖာဒီနန်ကလည်း မားကပ်စ် ရပ်ရှ်ဖို့ဒ် အောင်ပွဲခံနေတဲ့ပုံနဲ့ သူ ယူနိုက်တက် ကစားသမားဘဝတုန်းက လီဗာပူးလ်ကို အနိုင်ရတုန်း ကာရေဂါ အရှေ့မှာ အောင်ပွဲခံနေပုံတို့ကို တွဲတင်ပြီး ဝင်ဘာလေကွင်းဆိုတဲ့ စာသားကို ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဒီပုံကို မြင်တွေ့ခဲ့တဲ့ ကာရေဂါက “စိတ်အေးအေးထားပါဦ။ ဖိုင်နယ်မှာ စီးတီးက မင်းတို့ကို သက်တောင့်သက်သာနဲ့ အနိုင်ယူလိမ့်မယ်။ ပြီးတော့ အဲရစ် တန်ဟက်ဂ်ကလည်း လာမယ့်ရာသီမှာ အသင်းနည်းပြအဖြစ် ဆက်လက် ကိုင်တွယ်နေလိမ့်မယ်။ ဒါတွေက မင်းထင်ထားတဲ့ အောင်ပွဲတွေ မဟုတ်ဘူးနော်။” လို့ ရိသဲ့သဲ့ပြောပြီး သတိပေးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနှစ်က ဘောလုံးရာသီမှာလည်း အက်ဖ်အေဖလား ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် မြို့ခံကလပ် မန်စီးတီးအသင်းကို ယှဉ်မကစားနိုင်ခဲ့ပဲ (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရလို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။