မနေ့ညက Emirates ကွင်းမှာ ကစားသွားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်က ဒုတိယပိုင်းထဲ ထောင့်ကန်ဘောတွေကနေ တစ်ဆင့် သွင်းဂိုးတွေ ရယူခဲ့ရင်း နိုင်ပွဲတွေ့ခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ထောင့်ကန်ဘောတွေက ဂိုးတွေ မကြာခဏ သွင်းယူနိုင်တက်တဲ့ အသင်းတစ်သင်းဖြစ်ပြီး အခုလည်း နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ (၃)ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ယူနိုက်တက်အသင်းကို ထောင့်ကန်ဘောတွေကနေ ဂိုးသွင်းယူပြီး အနိုင်ယူခဲ့ပါတယ်။

Photo Credit : Arsenal

အာဆင်နယ် နောက်ခံကစားသမားတွေဖြစ်တဲ့ တင်ဘားနဲ့ ဆလီဘာတို့က ထောင့်ကန်ဘောတွေက ရလာတဲ့ အခွင့်အရေးတွေကနေ ယူနိုက်တက်ဘက်ကို ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ အမော်ရင်က “ခက်ခဲလွန်းတဲ့ ပွဲပါ။ အထူးသဖြင့်တော့ ကျွန်တော်တို့တွေ ပထမပိုင်းမှာ ကြိုးစား ကစားခဲ့ပါတယ်။”

“ကျွန်တော်တို့က လေ့ကျင့်မှုတွေ ပိုမို လိုအပ်လာပါတယ်။ Set-pieces တွေက အရာအားလုံးကို ပြောင်းလဲစေခဲ့ပြီး ပွဲအရှိန်ကိုလည်း ပြောင်းလဲသွားစေပါတယ်။ ကျွန်တော်တို့လည်း တည်ကန်ဘောတွေ ရခဲ့တယ်။ မဂိုးခဲ့ဘူး။ သူတို့ကတော့ ဂိုးသွင်းခဲ့တယ်။ သူတို့အသင်းက ဒီလို တည်ကန်ဘောတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာ နှစ်နဲ့ချီနေပြီ ဆိုတာကို ကျွန်တော်တို့ နားလည်ရမယ်။”

Photo Credit : Sky Sports

“သူတို့တွေ ဒီလို တည်ကန်ဘောတွေကနေ ဂိုးတွေအဖြစ် ဘယ်လို ပြောင်းလဲနိုင်လဲဆိုတာ မြင်တွေ့မှာပါ။ ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် (၂)ရက်အတွင်းမှာ ကျွန်တော်တို့က ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ set-pieces တွေကို ကာကွယ်ဖို့က အသင်းတိုင်းအတွက် ခက်ခဲပါတယ်။ အာဆင်နယ်က set-pieces ကန်ပြီဆိုရင် သူတို့ ကစားသမားတွေက ကျွန်တော်တို့ ဂိုးသမားနားမှာ နေရာယူထားကြတာမို့ ဒါကို ဖျက်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။”

“ကျွန်တော် သိလာရတာကတော့ ကျွန်တော်တို့မှာ နည်းဗျူဟာတွေ ရှိတဲ့အခါ ကစားတာက ထက်ထက်မြက်မြက် ဖြစ်စေတာပါ။ ကျွန်တော်တို့က ဘယ်လို press လုပ်ရမလဲ ဘယ်လို ပိတ်ဆို့မလဲဆိုတာ နည်းလမ်း ရှာရပါမယ်။ ကျွန်တော်တို့ အချိန်မီ ပိုကောင်းလာမယ်။ မိနစ်တိုင်း တိုးတက်အောင် လုပ်ရမယ်။ ပွဲတိုင်းမှာ မိနစ်တိုင်း တိုးတက်အောင် ကြိုးစားပြီးတော့ တိုးတက်အောင် လုပ်ရပါမယ်။” လို့ ပြောဆိုလိုက်ပါတယ်။