မန်ချက်စတာ စီးတီးနဲ့ ရီးယဲလ် မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေကို အိမ်ကွင်းမှာ ကစားခဲ့ရတာထက် နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရတာက ပိုမိုပြီး ခက်ခဲကောင်း ခက်ခဲနိုင်တယ်လို့ လီဗာပူးလ်နည်းပြ အာနယ် ဆလော့က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
ဆလော့က ဒီရာသီမှ လီဗာပူးလ်ကို စတင် ကိုင်တွယ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ နော်တင်ဟမ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး ကျန်တဲ့ပွဲတွေမှာ ဆက်တိုက် အနိုင်ရထားပါတယ်။ ဆလော့ရဲ့ လီဗာပူးလ်ဟာ ဒီရက်ပိုင်းထဲမှာပဲ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးတို့ကိုပါ အနိုင်ယူထားခဲ့ပါသေးတယ်။
Photo Credit : Sky Sports
ဒီညမှာတော့ လီဗာပူးလ်က စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ကစားသွားရတော့မှာဖြစ်ပြီး နယူးကာဆယ်က ဒီရာသီထဲ သူတို့အိမ်ကွင်းမှာ အာဆင်နယ်နဲ့ ချယ်လ်ဆီး(လိဂ်ဖလား)တို့ကို အနိုင်ယူထားခဲ့သလို မန်စီးတီးကိုလည်း တစ်ဂိုးစီသရေရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ဆလော့က “အိမ်ကွင်းမှာ ကျွန်တော်တို့ဟာ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းသန်မာတယ်ဆိုတာကို ပြသခဲ့ပြီ ဖြစ်ပေမယ့် အခုလို အိမ်ကွင်းနှစ်ပွဲနိုင်အပြီး အဝေးကွင်းမှာ ဒီလိုမျိုး ထပ်ခါထပ်ခါ ပြသဖို့ဆိုတာ တစ်ခါတစ်ရံမှာ ခက်ခဲပါတယ်။ နယူးကာဆယ်က သူတို့အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ရထားတယ်။”
Photo Credit : Caught Offside
“ချယ်လ်ဆီးကိုလည်း အိမ်ကွင်းမှာပဲ အနိုင်ယူခဲ့တယ်။ မန်စီးတီးကိုလည်း အိမ်ကွင်းမှာ သရေရအောင် ကစားထားတယ်။ ဒါကြောင့် နယူးကာဆယ် အဝေးကွင်း ကစားရဖို့က မန်စီးတီး ဒါမှမဟုတ် ရီးယဲလ်တို့ကို အိမ်ကွင်းမှာ ကစားရတာထက် ပိုပြီးတောင် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ကျွန်တော်က အရည်အသွေးအကြောင်း ပြောနေတာ မဟုတ်ပါဘူး။”
“စိန့်ဂျိမ်းစ်ပါ့ခ်မှာ အနိုင်ရဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာကို ပြောနေတာပါ။ လူတိုင်းက ရီးယဲလ် မက်ဒရစ်နဲ့ မန်စီးတီးတို့နဲ့ပွဲကို တကယ် မျှော်လင့်ထားပြီး အခု ကျွန်တော်တို့က အကောင်းဆုံး ကျော်ဖြတ်ထားပြီးချိန်မှာ အဲ့ဒါက ရက်အနည်းငယ်ကြာအောင် ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုလိုမျိုး ခံစားရတက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်မရှိဘူး။ တစ်ရာသီအတွင်း တွေ့ကြုံရနိုင်တဲ့ အခက်ခဲဆုံး အဝေးကွင်းပွဲတွေထဲက တစ်ပွဲလို့ ဖြစ်နိုင်ချေရှိတဲ့ ပွဲစဉ်တစ်မှာ ကျွန်တော်တို့ ချက်ချင်း ပြသသွားရပါမယ်။” လို့ ပြောဆိုလိုက်ပါတယ်။