ကမ္ဘာကျော် YouTube စူပါစတားများဖြစ်ကြတဲ့ IShowSpeed နဲ့ MrBeast တို့ဟာ နာမည်ကြီးဘောလုံးသမားဟောင်း ဒေးဗစ် ဘက်ခမ်း၊ ဟောလိဝုဒ်မင်းသား ရိုင်ယန် ရေးနိုးလ်နဲ့ အမေရိကန်ဘောလုံးလောကရဲ့ဂန္ထဝင် တွမ် ဘရာဒီတို့ရဲ့ ခြေရာကိုနင်းပြီး အမေရိကန်မေဂျာလိဂ်က ဘောလုံးကလပ်အသင်းတစ်သင်းကို ပူးပေါင်းပိုင်ဆိုင်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
IShowSpeed ဟာ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၅ ခုနှစ် MLS All-Star ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ အမေရိကန်လိဂ်ရဲ့ အကောင်းဆုံးကစားသမားများနဲ့ မက္ကဆီကို Liga MX ကနေ ရွေးချယ်ထားတဲ့ ကစားသမားများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲတက်ရောက်လာတဲ့ ပရိသတ်တွေကြားမှာ IShowSpeed ကတော့ အမြဲတမ်းလိုလိုပင် အားလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။
Photo Credit : Prime Timer
ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အမာခံ ပရိသတ်တစ်ဦးအဖြစ် လူသိများတဲ့ Speed ဟာ All-Star ပွဲရဲ့ အားလပ်ချိန်အတွင်း သူ့ရဲ့ ဘောလုံးစွမ်းရည်ကို ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် အင်တာ မိုင်ယာမီအသင်းရဲ့ အဓိကကစားသမား လီယွန်နယ် မက်ဆီနဲ့ အသင်းဖော် ဂျော်ဒီ အယ်လ်ဘာတို့ဟာ အဆိုပါပွဲမှ နုတ်ထွက်သွားခဲ့တဲ့အတွက် မက်ဆီရဲ့ ကစားပုံကို မြင်တွေ့ခွင့်တော့ မရခဲ့ပါဘူး။
Speed ဟာ သူလေးစားအားကျရတဲ့ ပေါ်တူဂီ GOAT ရော်နယ်လ်ဒိုအကြောင်းကို “ကျွန်တော် ငယ်ငယ်ကတည်းက ရော်နယ်ဒိုကိုပဲ အားကျခဲ့တာ သူ့ပွဲတွေကို အမြဲကြည့်ခဲ့တာ ရော်နယ်ဒိုက GOAT ပါ။ သူကပဲ ကျွန်တော့်ရဲ့ Idol ပါ” ဟု ပြောကြားခဲ့ဖူးပါတယ်။
Photo Credit : Dexerto
ဘောလုံးအားကစားအပေါ် သူရဲ့ ပြင်းပြတဲ့ စိတ်အားထက်သန်မှုက ကလပ်အသင်းတစ်သင်းမှာ ရင်းနှီးမြှုပ်နှံပိုင်ဆိုင်ဖို့အထိ လမ်းကြောင်းပေးနေပုံရပါတယ်။ Front Office Sports ရဲ့ မေးမြန်းမှုတစ်ခုမှာတော့ ဒီလိုစွန့်စားမှုအတွက် ဘယ်သူနဲ့ လက်တွဲချင်လဲဆိုတဲ့အပေါ် “MrBeast ပေါ့။ ကျွန်တော်နဲ့ MrBeast က နောက်အနှစ်(၅၀)လောက်နေရင် ဒီ MLS အသင်းတွေထဲက တစ်သင်းကို ရင်းနှီးမြှုပ်နှံနိုင်မှာပါ။ ဟာ အနှစ်(၅၀)တောင်မဟုတ်ဘူး။ နောက်အနှစ်(၂၀)ဆိုရင်ကို တော်တော်အဆင်ပြေနေလောက်ပြီ။” လို့ Speed က ရည်မှန်းချက်ကြီးကြီးနဲ့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာဟာ ဘောလုံးအသင်းပိုင်ရှင်များအဖြစ် ပါဝင်နေကြပြီး မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကစားသမား ဒေးဗစ် ဘက်ခမ်းကတော့ မက်ဆီနဲ့အတူ အင်တာ မိုင်ယာမီအသင်းမှာ လက်တွဲလုပ်ဆောင်နေပါတယ်။ ထို့အတူ ရိုင်ယန် ရေးနိုးလ်၊ တွမ် ဘရာဒီ၊ ဝီလ် ဖာရယ်လ် နဲ့ ဂျေဂျေ ဝပ်တို့လို နာမည်ကြီးတွေကလည်း အင်္ဂလန်ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ရော်နယ်လ်ဒိုကိုယ်တိုင်ပင် ဘောလုံးသမားဘဝကနေ အနားယူတဲ့အခါ အသင်းတစ်သင်းဝယ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။