ရီးယဲလ်ဘက်တစ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကိုဟာ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ မတိုင်မီ ဘက်တစ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ခြားနားချက်ကို မေးမြန်းရာမှာ ပါးနပ်တဲ့ တစ်ခွန်းတည်းသော စကားနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အသက်(၃၃)နှစ်အရွယ် အစ္စကိုဟာ ဗုဒ္ဓဟူးနေ့ည ပိုလန်နိုင်ငံ ဝရိုကလောအားကစားကွင်းထဲ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားမယ့် ကွန်းဖရန့်စ်လိဂ် ဖိုင်နယ်ပွဲစဉ်မှာ ဘက်တစ်အသင်းအတွက် ပထမဆုံး ဥရောပအောင်မြင်မှုကို ရယူပေးနိုင်ဖို့ ရည်မှန်းနေပါတယ်။
Photo Credit : ESPN
ဒီပွဲရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ချယ်လ်ဆီးနဲ့ ဘက်တစ်တို့ရဲ့ ခြားနားချက်အကြောင်း မေးမြန်းခဲ့ရာမှာတော့ ဘက်တစ်အသင်းခေါင်းဆောင် အစ္စကိုက ဟာသဉာဏ်ရွှင်ရွှင်နဲ့ ပြန်လည်ဖြေကြားခဲ့တာပါ။ “မေးခွန်းကောင်းပဲ… အဓိကကတော့ ပိုက်ဆံပဲပေါ့နော်?” လို့ စပိန်ကစားသမားက နောက်ပြောင်ခဲ့ပါတယ်။ အဲ့ဒီနောက် အစ္စကိုဟာ သတင်းထောက်တွေနဲ့အတူ ရယ်မောခဲ့ပြီး ချယ်လ်ဆီးအကြောင်း ပြောရာမှာတော့ လေသံကို ပိုပြီးလေးနက်အောင် ပြောင်းလဲခဲ့ပါတယ်။
“ချယ်လ်ဆီးရော ကျွန်တော်တို့ပါ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းကောင်းတွေပါ။ မနက်ဖြန်ပွဲက လူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ ဘက်တစ်အသင်းမှာ စိတ်လှုပ်ရှားမှုတွေ အများကြီးရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြီးတော့ ပထမဆုံး ဗိုလ်လုပွဲကို အနိုင်ရဖို့ အခွင့်အရေးက ကျွန်တော်တို့အတွက် သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါ။”
Photo Credit : GiveMeSport
“ယုံကြည်မှုက အောင်မြင်မှုရဲ့ ပထမဆုံးခြေလှမ်းပါ။ အရမ်းခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လူစာရင်းကို ယုံကြည်ပါတယ်။ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြခဲ့ပြီးပါပြီ၊ ဒီဗိုလ်လုပွဲကို မျှော်လင့်နေပြီး ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ယူဆောင်ပေးချင်ပါတယ်၊ သူတို့က အဲ့ဒါနဲ့ အထိုက်တန်ဆုံးပါပဲ။” လို့ အစ္စကိုက ပြောဆိုခဲ့ပါတယ်။
ဘက်တစ်အသင်းဟာ ၂၀၂၂ ခုနှစ်က အောင်မြင်မှုအပါအဝင် ကိုပါဒယ်လ်ရေးဖလား (၃)ကြိမ်နဲ့ စပိန်လာလီဂါဖလား (၁)ကြိမ် ရရှိထားပါတယ်။ ဒါပေမဲ့ အသင်းဟာ ဥရောပအောင်မြင်မှုကို တစ်ခါမှ မရရှိဖူးသေးဘဲ အရင်က ကွာတားဖိုင်နယ် အဆင့်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ အစ္စကိုက “ဗိုလ်လုပွဲနဲ့ နီးစပ်လာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို အမြဲတမ်း စိတ်ကူးယဉ်မိတတ်ပါတယ်။ ဒါပေမဲ့ လက်ရှိပွဲစဉ်ကိုပဲ အာရုံစိုက်ရမှာပါ။ ဒါက ဘက်တစ်အသင်းရဲ့ ပထမဆုံး ဗိုလ်လုပွဲဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် အိပ်မက်တစ်ခု တကယ်ဖြစ်လာမှာပါ၊ ဒါပေမဲ့ အရမ်းခက်ခဲပါလိမ့်မယ်။” လို့ ဆိုခဲ့ပါတယ်။