လီဗာပူးလ်အသင်းထံ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် အလက်ဇန်းဒါး အီဆက်က နယူးကာဆယ်အသင်းမှာ ဘာကြောင့် အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းဘဲ အပြောင်းအရွှေ့ကို အတင်းအကျပ် ဖိအားပေးခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို ဖွင့်ဟပြောကြားလိုက်ပြီး အန်ဖီးလ်ကွင်းက သူ့ရဲ့ ရည်မှန်းချက်တွေကိုလည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဆက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး စိန့်ဂျိမ်းစ်ပါ့ခ်ကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ တစ်ချိန်ကဆိုရင် သူဟာ အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းဘဲ တစ်ယောက်တည်း သီးသန့်လေ့ကျင့်နေခဲ့တာကြောင့် သပိတ်မှောက်တဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အန်ဖီးလ်ကွင်းဆီ သမိုင်းဝင်ပြောင်းရွှေ့မှုကတော့ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရောက်မှသာ အောင်မြင်ခဲ့တာပါ။

Photo Credt : BBC

နယူးကာဆယ်ပရိသတ်တွေကို စိတ်ပျက်စေခဲ့တဲ့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး လီဗာပူးလ်ကို ဘာကြောင့် အရမ်းပြောင်းချင်ခဲ့ရသလဲဆိုတာကို အီဆက်က လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့ ပြုလုပ်ခဲ့တဲ့ ပထမဆုံး အင်တာဗျူးမှာ အခုလို ရှင်းပြခဲ့ပါတယ်။”ဒါဟာ အသင်းရဲ့ တည်ဆောက်နေတဲ့ ပရောဂျက်တွေအပြင် အသင်းမှာ ရှိနှင့်ပြီးသား ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတွေကြောင့်ပါ။ ဒီသမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ အခွင့်အရေးရတဲ့အတွက် ကျွန်တော် ကိုယ်တိုင်လည်း သမိုင်းသစ်တွေ ဖန်တီးချင်တယ် ဆုဖလားတွေ ရယူချင်ပါတယ်။ ဒါကပဲ ကျွန်တော့်အတွက် အကြီးမားဆုံး တွန်းအားဖြစ်ပြီး ဒီနေရာဟာ ကျွန်တော့်ကို ပိုမိုတိုးတက်စေမယ့် ကျွန်တော့်ရဲ့ ကစားပုံကို နောက်တစ်ဆင့်မြှင့်တင်ပေးမယ့် ပြီးပြည့်စုံတဲ့ နေရာတစ်ခုလို့ ခံစားရပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီးလည်း “ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် နောက်ထပ်ခြေတစ်လှမ်းလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလိုအခွင့်အရေးရတဲ့အတွက် အရမ်းပျော်ပြီး ဒီအခွင့်အရေးနဲ့အတူ အကောင်းဆုံးတွေ လုပ်ပြဖို့လည်း စိတ်အားထက်သန်နေပါတယ်။ ကျွန်တော် အသင်းကို အများကြီးပေးဆပ်နိုင်မယ်လို့ ယုံကြည်သလို၊ တိုးတက်ဖို့လည်း အများကြီးလိုပါသေးတယ်။ ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ဆိုပေမယ့် အသင်းအတွက် အဓိကဖြစ်တဲ့ ဂိုးတွေအပြင် တခြားကဏ္ဍတွေကနေပါ တတ်နိုင်သလောက် ပံ့ပိုးပေးချင်ပါတယ်။ အရာအားလုံးကို အနိုင်ယူချင်ပါတယ်။” လို့ အီဆက်က ဆက်ပြောခဲ့ပါတယ်။

Photo Credit : FourFourTwo

အီဆက်ဟာ လီဗာပူးလ်အသင်းမှာ ရော်ဂျာဟန့်၊ ဂျွန်တိုရှက်၊ အီယန်ရပ်ရှ် နဲ့ ရော်ဘီဖောင်လာတို့လို ဂန္ထဝင်ကစားသမားကြီးတွေ ဝတ်ဆင်ခဲ့တဲ့ နာမည်ကျော် နံပါတ် ၉ ကျောနံပါတ်ကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီဂုဏ်ပုဒ်နဲ့ပတ်သက်ပြီး သူက “ဒါက အဓိပ္ပာယ်အများကြီးရှိတဲ့ အထင်ကရနံပါတ်တစ်ခုပါ။ တာဝန်ယူမှုတွေလည်း ရှိလာမှာဖြစ်ပေမယ့် ဒီအခွင့်အရေးနဲ့ ဒီနံပါတ်ကို ရရှိတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ အသင်းအတွက် အကောင်းဆုံးပြန်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။” လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားမယ့် ဘန်လေနဲ့ပွဲမှာ ပွဲဦးထွက်ကစားနိုင်မလားလို့ မေးမြန်းရာမှာတော့ အီဆက်က “အဲဒီလိုတော့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ပွဲမကစားရဘဲ လေ့ကျင့်ခန်းကိုလည်း ကန့်သတ်မှုတွေနဲ့ပဲ လုပ်ခဲ့ရတဲ့ အခက်အခဲရှိတဲ့ နွေရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုအခြေအနေကို သေချာပြန်သုံးသပ်ပြီး ဘယ်လောက်အဆင်သင့်ဖြစ်ပြီလဲဆိုတာကို ကြည့်ရဦးမှာပါ။ ဒါပေမဲ့ အမြန်ဆုံးတော့ ကစားချင်နေပါပြီ။” လို့ ဖြေကြားခဲ့ပါတယ်။ ၂၀၂၅-၂၆ ရာသီအဖွင့်ပွဲစဉ်တွေကို ရှုံးပွဲမရှိ ဖြတ်သန်းထားတဲ့ လီဗာပူးလ်အသင်းဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြန်လည်ပွဲထွက်ရမှာ ဖြစ်ပါတယ်။ အီဆက်အနေနဲ့ သူ့ရဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်ကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားရမယ့်ပွဲမှာ မြင်တွေ့ရနိုင်ပြီး အဲဒီနောက်မှာတော့ ဒါဘီပြိုင်ဘက် အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။