လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လိုနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ဟာ PFA ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတက်ရောက်ခဲ့ပြီးနောက် သူ့ရဲ့လက်ရှိကလပ် နယူးကာဆယ်အသင်းကို ပစ်မှတ်ထား ဝေဖန်တိုက်ခိုက်ထားတဲ့ ပေါက်ကွဲမှုဖြစ်စေတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အီဆက်ခ်ဟာ ၂၀၂၄-၂၅ ရာသီအတွက် PFA ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် မန်ချက်စတာမြို့မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဆွီဒင်တိုက်စစ်မှူးဟာ ဒီနွေရာသီမှာ စိန့်ဂျိမ်းစ်ပါ့ခ်ကနေ ထွက်ခွာပြီး ချန်ပီယံလီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ပါတယ်။

Photo Credit : NUFC Feed

အီဆက်ခ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရှည်လျားတဲ့ ထုတ်ပြန်ချက်တစ်ခု တင်ခဲ့ပြီး PFA အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရတဲ့အတွက် ကျေးဇူးတင်ကြောင်း ဦးစွာပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ နယူးကာဆယ်အသင်းကို “ကတိဖောက်ဖျက်ခဲ့တယ်” လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အီဆက်ခ်က သူ့ရဲ့ Instagram မှာ တင်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ “၂၀၂၄/၂၅ PFA ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ကစားသမားတွေရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့်ကို အမြဲအားပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ နယူးကာဆယ်က လူအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။”

“ဒီည ဆုပေးပွဲကို ကျွန်တော်မတက်ရောက်ပါဘူး။ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် အဲ့ဒီနေရာမှာ ရှိနေတာ မမှန်ဘူးလို့ ခံစားရလို့ပါ။ တခြားသူတွေက ပြောနေကြချိန်မှာ ကျွန်တော် အချိန်အကြာကြီး တိတ်တိတ်နေခဲ့ပါတယ်။ အဲ့ဒီလို တိတ်ဆိတ်နေခဲ့တာက တံခါးပိတ်ဆွေးနွေးမှုတွေမှာ တကယ်တမ်း သဘောတူပြောဆိုခဲ့တာတွေကို သိသိကြီးနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို တွန်းပို့ဖို့ အခွင့်အရေးပေးသလို ဖြစ်ခဲ့ပါတယ်။”

Photo Credit : The New York Times

“အဖြစ်မှန်ကတော့ ကတိတွေပေးခဲ့ပြီး ကလပ်အသင်းက ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို အချိန်အကြာကြီး သိထားပြီးသားပါ။ အခုမှ ဒီကိစ္စတွေက ပေါ်ပေါက်လာသလိုမျိုး ပြုမူနေတာက အထင်အမြင်လွဲမှားစေပါတယ်။ ကတိတွေပျက်ပြီး ယုံကြည်မှု ပျောက်ဆုံးသွားတဲ့အခါမှာ ဆက်ဆံရေးက ရှေ့ဆက်သွားလို့မရတော့ပါဘူး။ ဒါက လက်ရှိ ကျွန်တော့်ရဲ့အခြေအနေပါပဲ။ ဒါကြောင့် အပြောင်းအလဲလုပ်ဖို့က ကျွန်တော့်အတွက်တင်မဟုတ်ဘဲ အားလုံးအတွက် အကောင်းဆုံးအကျိုးစီးပွား ဖြစ်စေမှာပါ။” လို့ အီဆက်ခ်က ရေးသားခဲ့ပါတယ်။

အီဆက်ခ်ဟာ နွေရာသီတစ်လျှောက်လုံး နယူးကာဆယ်ကနေ ထွက်ခွာဖို့ သတင်းကြီးနေသူဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ်ကို ပြောင်းရွှေ့ရေးနဲ့ ပတ်သက်ပြီး ကလပ်အသင်းနဲ့ အကျပ်အတည်းဖြစ်နေပါတယ်။ အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းကြီးရဲ့ လေ့ကျင့်ရေးကနေ ဖယ်ထုတ်ခံထားရပြီး တစ်ဦးတည်း လေ့ကျင့်နေရကာ ပြီးခဲ့တဲ့သီတင်းပတ်က အက်စတွန် ဗီလာနဲ့ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။