အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ နည်းပြချုပ် အင်ဇာဂီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းဟာ စီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် အာရုံစိုက် ကြိုးစားတော့မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်ဇာဂီ ဦးဆောင်နေတဲ့ အင်တာမီလန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့သလို ဒီရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ၅သင်း စာရင်းထဲ ပါဝင်နေခဲ့ပါတယ်။ အင်တာမီလန်က ပထမအကျော့ အဖြစ် အက်သလက်တီကို မက်ဒရစ်ကို အီတလီမြေမှာ ဧည့်ခံ ကစားခဲ့စဉ်က တိုက်စစ်မှူး အာနူတိုဗစ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ သရေကစားနိုင်ရုံနဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် နောက်ကျအနိုင်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

 

Photo Credit: Sky Sports

အက်သလက်တီကို မက်ဒရစ်နဲ့ အင်တာမီလန် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ကစားခဲ့ပြီး အင်တာမီလန်က ပွဲချိန် ၃၃မိနစ်မှာပဲ ဘယ်နောက်ခံလူ ဒီမားကို့စ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အိမ်ရှင် အက်သလက်တီကို မက်ဒရစ်က ချေပဂိုးတွေ ပြန်သွင်းနိုင်ဖို့ တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် ၃၅မိနစ်မှာပဲ ဂရစ်ဇ်မန်းက အက်သလက်တီကို မက်ဒရစ် အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေကျနေတဲ့ အချိန်မှာ အင်တာမီလန်က သရေရလဒ်ကို ထိန်းနိုင်ရုံနဲ့ နောက်တဆင့်ဆီ တက်ရောက်နိုင်မှာ ဖြစ်လို့ ခံစစ်ကို အားပြု ကစားခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ကတော့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာကြောင့် အရှိန်အဟုန်မြှင့် တိုက်စစ်ဆင် ကစားခဲ့ကာ ပွဲချိန် ၈၇မိနစ်မှာ လူစားဝင် ကစားသမား ဒီပိုင်းက အက်သလက်တီကို မက်ဒရစ် အတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

အက်သလက်တီကို မက်ဒရစ်က ဒုတိယအကျော့မှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဖြစ်သွားခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပိုမှာလည်း နှစ်သင်းစလုံးက ဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အက်သလက်တီကို မက်ဒရစ်က ပင်နယ်တီ အဆုံးအဖြတ်မှာ အင်တာမီလန်ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အင်တာမီလန်နည်းပြချုပ် အင်ဇာဂီကတော့ သူတို့အသင်းဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ရလေ့ သိပ်မရှိတာကြောင့် ဒီရှုံးပွဲဟာ သူတို့အသင်းကို နာကျင်စေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ပြည်တွင်းလိဂ်မှာ ချန်ပီယံ ဖြစ်အောင် အာရုံစိုက်တော့မယ်လို့ ဆိုလာပါတယ်။ အင်ဇာဂီက – “ကျွန်တော်တို့အသင်းက ရှုံးပွဲတွေ ကြုံရလေ့ ရှိတဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဒီရှုံးပွဲက ကျွန်တော်တို့ကို နာကျင်စေပါတယ်။ ကျွန်တော်တို့က ပထမအကျော့မှာ နိုင်ပွဲ ရခဲ့သလို ဒီပွဲမှာလည်း ဒီမားကို့စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခွင့် ရခဲ့ပါသေးတယ်။ အခုတော့ ကျွန်တော်တို့မှာ အရေးတကြီး ယှဉ်ပြိုင်ရမယ့် ပြည်တွင်းလိဂ်ပြိုင်ပွဲပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့က စီးရီးအေပြိုင်ပွဲကို အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားပါမယ်။ ကျွန်တော့်ရဲ့ ကောင်လေးတွေကိုလည်း ခေါင်းမော့ပြီး ဆက်လက် တိုက်ပွဲဝင်ဖို့ ပြောချင်ပါတယ်။ ဒီနေ့ပွဲမှာ အသေးစိတ် ဂရုစိုက်ရမယ့် အရာလေးတွေက ပွဲရဲ့ အဖြေကို ထုတ်ပေးသွားခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။