အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီး ကနေ သူတို့အသင်းဆီ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ တိုက်စစ်မှူး လူကာကူကို နောက်ထပ် ၁ရာသီ အငှားနဲ့ ထပ်ခေါ်ဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ အင်တာမီလန် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက အင်္ဂလန်မြေမှာ အချိန်အကြာကြီး ကစားခဲ့ပေမယ့် သူ့ရဲ့ အောင်မြေကတော့ အင်တာမီလန်ရဲ့ ဆန်စီရိုကွင်းနဲ့ အီတလီမြေပါပဲ။

Photo Credit: Sky Sports

လူကာကူက ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေနဲ့ အင်္ဂလန်မြေမှာ ကစားခဲ့စဉ်က ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပေမယ့် အင်တာမီလန် အတွက် ကစားပေးချိန်မှာတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး လူကာကူက အင်တာမီလန်အတွက် ၃ရာသီ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၇၈ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၃ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အင်တာမီလန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးကနေ သူတို့အသင်းဆီ တကျော့ပြန် ပြန်လာကာ အငှားနဲ့ လာကစားပေးခဲ့တဲ့ လူကာကူကို နောက်ထပ် တရာသီ အငှားနဲ့ ထပ်ခေါ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး လူကာကူကလည်း ဆော်ဒီကလပ်တွေရဲ့ လုပ်ခလစာမြင့် ကမ်းလှမ်းမှုတွေနဲ့ အေစီမီလန်ရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့တာတောင် အဆိုပါ ကမ်းလှမ်းမှုတွေကို ပယ်ချကာ အင်တာမီလန်ဆီသာ ပြန်ချင်နေပါတယ်။

Photo Credit: Sky Sports

တဖက်မှာလည်း ချယ်လ်ဆီးက လူကာကူကို ယခု နွေဈေးကွက် အတွင်းမှာ လက်လွှတ်ဖို့ ဆုံးဖြတ်ထားပေမယ့် အငှားထက် အပြီးသတ် ရောင်းချဖို့သာ စိတ်အားထက်သန်နေပြီး ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်း အထိ ပေးကာ ခေါ်ထားရတဲ့ လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ပြန်လိုချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ အင်တာမီလန်က လူကာကူ အတွက် တရားဝင် ကမ်းလှမ်းမှု အဖြစ် တရာသီအငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် စတဲ့ အချက်တွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ်ကို ချယ်လ်ဆီးဆီ ပို့ပေးခဲ့ပြီး ချယ်လ်ဆီးက အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်မခံသေးပဲ အပြီးသတ် ခေါ်ယူခွင့်အစား မဖြစ်မနေ ခေါ်ယူရမယ် ဆိုတဲ့ အချက်ကို ပြောင်းလဲ ထည့်သွင်းချင်နေကြောင်း သိရပါတယ်။