မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လန်းဟာ ဒီရာသီမှာ ရုန်းကန်မှုတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ယူနိုက်တက်အသင်းဟာလည်း ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာနဲ့ ယူရိုပါလိဂ် ဖိုင်နယ်မှာလည်း စပါးအသင်းကို ရှုံးနိမ့်ခဲ့ကာ ဆုဖလားရော ဥရောပဝင်ခွင့်ပါ လက်လွတ်ခဲ့ရပါတယ်။
အသက်(၂၂)နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် ဟွိုင်လန်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၅၂)ပွဲ ကစားခဲ့ရာမှာ (၁၀)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း (၄)ဂိုးပဲ သွင်းနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က Football Insider ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်ဟာ အစ်ဆွစ်ချ်တောင်းရဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့အတွက် ဂျော့ရှ်ဝါ ဇာ့ခ်ဇီး ဒါမှမဟုတ် ဟွိုင်လန်းကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo Credit : Metro
ဟွိုင်လန်းကို ယူနိုက်တက်က ၂၀၂၃ ခုနှစ်မှာ အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ဟွိုင်လန်းက ယူနိုက်တက်မှာ (၂)ရာသီအထိ ကစားပြီးတဲ့နောက် သူရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်က (၂၆)သာ ရှိထားခဲ့ကာ ပရီးမီးယားလိဂ် သွင်းဂိုးကလည်း (၈)ဂိုးပဲ ရှိခဲ့ပါတယ်။
အီတလီက သတင်းဆိုက်ဒ်တစ်ခုဖြစ်တဲ့ Inter Live မေလ(၂၆)ရက်နေ့ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ဟွိုင်လန်းကို အသည်းအသန် လိုချင်နေတယ်လို့ သိရပါတယ်။ ဟွိုင်လန်းဟာ အတ္တလန်တာနဲ့အတူ စီးရီးအေမှာ ကျင်လည်ခဲ့စဉ်ကတည်းက အင်တာဟာ ဟွိုင်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာလို့ သိရပါတယ်။
Photo Credit : Goal
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖိုင်နယ်တက်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ ဟွိုင်လန်းကို အစပိုင်းမှာ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ သတ်မှတ်ထားတဲ့ အခြေအနေတွေ ပြည့်မီရင် အပြီးသတ် ဝယ်ယူရမယ့် စာချုပ်မျိုးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ကလည်း ဇာ့ခ်ဇီးထက် ပိုပြီး ရုန်းကန်နေရတဲ့ ဟွိုင်လန်းကိုသာ အသင်းကနေ ရှင်းထုတ်သွားဖို့ ဆန္ဒရှိနေတာကြောင့် ဟွိုင်လန်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် လက်ခံသွားဖို့ ရှိနိုင်ပြီး သူ့နေရာမှာ မန်စီးတီး လူငယ်ကစားသမားဟောင်းဖြစ်တဲ့ ဒီလက်ပ်နဲ့ ပြန်လည် အစားထိုးသွားဖွယ် ရှိနေပါတယ်။